
မောင်အာယု
ဆရာတော်ဦးသုမန သီတင်းသုံးတော်မူသော အရှေ့ကျောင်းဝန်းထဲမှ လုလင်ပျိုတစ်ယောက် ထွက် လာ၏။ သူ၏မျက်နှာအနောက်ကျွန်းသို့ ယွန်းတော့မည်ဟန်ပြင်နေသော နေမင်းကဲ့သို့တရွှန်းရွှန်းရှိပါ သည်။ ရွာဆီသို့တူရူနေသည့် လမ်းကြောင်းနံဘေး၌ ရွက်သစ်ရွက်နုများ ဖြင့် ဝေဆာစိမ်းစိုနေသော မန်ကျည်းပင် ကုက္ကိုပင်တို့သည် လုလင်ပျို၏စိတ်ကို တမျိုးရွှင်လန်းစေ၏။ လမ်းကြောင်း၏အဆုံး၌ သူနေသော ရွာကလေးတည်ရှိ၏။ ရွာကလေး၏ အနောက်ထဲ ၌ကား နှင်းဆီသွေးရောင် ရွှေရောင် တို့ နှင့် ကောင်းကင်ကြီးသည် တပြောင်ပြောင်ရှိပေသည်။ ဤသို့လာစဉ် လုလင်ပျိုသည် လက်ထဲ၌ ပွေ့ပိုက်ထားသော စာတိုပေစများကို ကြည့်လိုက်သေး၏။ ကြည့်လိုက်တိုင်း ရွှေတုံးရွှေခဲများကို ရလာ သကဲ့သို့အကြည်လုံးဆိုက်နေပေသည်။
ထိုလုလင်ပျိုမှာ စာပေဗဟုသုတကို အချိန်အားတိုင်းရှာဖွေမှတ်သား တတ်သောအကျင့်ရှိ၏။ သူ၏ မိတ်ဆွေအပေါင်းအဖော်များသည် လယ်ထွန်နွားကျောင်း ရေခပ်အလုပ်တို့ကို ပြီးစီးလျှင် ပလွေနှင့် ဖြေဖျော်ကာ အိုးစည်ကို တီးသူတီးပြီးလျှင် တေးဆို၍အချိန်ကုန်စေ၏။ သူ့မှာကား စာပေသာလျှင် ပလွေ၊ အိုးစည်များဖြစ်လေသည်။ ယခုလည်း အိမ်၌လုပ်စရာဟူသ၍ကို စေ့စုံအောင် လုပ်ကိုင်သည့် အလျောက် ညနေဘက်သို့မကူးမီအချိန်တွင် ဆရာတော်ဦးသုမနထံပါး ချဉ်းကပ်ဝပ်တွားပြီးလျှင် မသိသော အရာကိုမေး၍ မကြားဘူးသောအကြောင်းကို နာခံမှတ်သားကာ ပြန်လာခြင်း ဖြစ်ပေသည်။
သို့နှင့်ရွာဝနားသို့ လုလင်ပျိုရောက်ခဲ့၏။ ရွာ၏အရှေ့နားရှိ ရေတွင်းငယ်နား၌ ရေခပ်လျက်ရှိသူ မိန်းမကြီးငယ်တို့ ဝိုင်းအုံနေကြ၏။ အတင်းပြောသူချင်းပြော၊ အဖျင်းနား သူချင်းနာ၊ တေးဆိုသူ ဆိုနှင့် ရေတွင်းနား၌ စိုးပျိုဆူညံနေပေသည်။ အညှီရှိရာယင်အုံတတ်သည့် အလျောက် ဘိုးဆွေ၊ အောင်ညို၊ မြဒင်တို့တစ်စုလည်း ထိုနေရာနား၌ တဟားဟား တဟီးဟီးနှင့် အပျော်ဆက်နေကြသည်။
"ဟေ့…ဘိုးမြဒင်…အမေလယ်ကိုမမြင်ဘူးလား"
ဟု လုလင်ပျိုက ထိုလူပျိုတစ်စုထဲသို့ ဝင်ရင်းမေးလိုက်၏။
ရေခပ်နေသူ ဒွေးညို အားငေးစိုက်နေရာမှ မြဒင်လည်းလန့်သွား၏။
"ဟေ….မြင်သားဘဲကွ၊ အခုနတင်ရေခပ်သွားတယ်။ မင်းဘယ်ကပြန်လာတာတုံး"
"အရှေ့ကျောင်းဘုန်းကြီးဆီကဘဲ"
"ငညို..မင်းကအမေလယ်ကို ဘာလုပ်မလို့တုံး" ဟုအောင်ညိုက ဝင်၍မေး၏။
"အောင်ညိုရ…ဒီကောင်ကို မေးမနေစမ်းပါနဲ့။ အသိသားဟာကို ဟိုသူကြီးသမီးထွေးလုံကို ကြံနေ သော.. အဲသည့်အကြောင်းမေးမှာပေါ့ကွ"
လို့ပြောရင်း မြဒင်သည် ရေတွင်းဘက်သို့ မျက်နှာ လှည့်သွား၏။ ထိုခဏ၌အသက် ၄ဝ အရွယ်ရှိသော မိန်းမကြီးတစ်ယောက် ရေတွင်း ဆီသို့လာနေသည်ကို မြင်ရ၏။ မောင်ညိုခေါ်လုလင်သည် သူ၏ မိတ်ဆွေများနားမှ ခွာသွားပြီးလျှင် မိန်းမကြီးဆီသို့ လျှောက်ခဲ့၏။
"မောင်ရင်ညိုပြန်လာပလားကွဲ့"
"ဟုတ်ကဲ့….စကားမစပ်ဟိုဟာ ဟန်ပါ့မလားအမေလယ်ရဲ့. . ." အမေလယ်လည်း ခေါင်းပေါ်မှရေအိုး ကို လက်နှင့်ယူကိုင်ပြီးလျှင် ဂျိုင်းတွင်ညှပ်ကာ ခေါင်းဖုစုတ်ကို ပြင်၍ပတ်နေ၏။
ထွေးလုံကတော့ မင်းသဘောကိုပါပါပြီ၊ ဟိုသူကြီးမင်းသာ ဒေါသကြီးကြီး သူ့သမီးကို မင်းစိုးရာဇာချင်း နဲ့မှ ပေးစားချင်ပုံရတယ်။ မင်းအကြောင်းကို ကြားတော့ ဒီကောင်ဘာလုပ်လို့လဲ စာသာတတ်ပြီး ရူးကြောင်ကြောင်နဲ့ လူကြီးမရှောင်ဘုန်းကြီးမရှောင် စကားဖောင်လောင်အောင်များပြီး မိန်းမကို လုပ်ကျွေးတတ်မယ့် ကောင်မဟုတ်ဖူးလို့ ပြောနေတယ်. . ."
"ဒီလိုပြောသလား။ ဒါပေမယ့် မထွေးလုံက တူမောင့်သဘောဘက်ကို လိုက်လျော ရင်တော်ပါပြီ။ ကျေးဇူးတင်လှပါတယ်။ သွားပါဦးမယ်…" ဟုပြောဆိုကာ မောင်ညိုလည်း သူ၏နေအိမ်ဆီသို့ ပြန်ခဲ့၏။
သူနေသောအိမ်ကိုကြည့်ပါဦး။ အိမ့်အပြင်ဘက်၌ ဘခင်ဖြစ်သူ ဦးကြီးဖုန်း နွားစာစင်းနေ၏။ အိမ်နံ ဘေးနား၌ မိခင်မေမေဖွား ဟင်းအိုးတည်နေ၏။ သားမောင်ပြန်လာသည် ကို မြင်သောအခါ ဒေါ်ဖွားမှာ အတော်ပျော်ပြီးလျှင် ရွှင်ပြုံးသောမျက်နှာနှင့် "သားကြီးပြန်လာပြီလား" ဟူသောချိုလင်ကြည်အေး သည့်အသံနှင့် နှုတ်ခွန်းကြိုလိုက်လေသည်။ မောင်ညိုလည်း သူ၏ဖခင်တို့အား ကန်တော့ဦးချကာ အိမ်ထဲဝင်ခဲ့၏။ မိခင်အား "ဟုတ်ကဲ့မေမေ" ဟူသောစကားနှင့် နှစ်သိမ့်စေ၏။ သူသည်ပါလာသော ပေစာများကိုကိုင်ကာ အိပ်ရာပေါ်တွင်လှဲလိုက်၏။ အိမ်အမိုးတစ်ခုလုံး ကား ပေရွက်ပေစာများနှင့် ပြီး၏။ ကြဲရရဲ ကြို့ရရို့ဖြစ်နေသည့် သယ်ကယ်များအစား စာပေတို့နှင့် ပြည့်တင်းမိုးလုံ နေကာသကဲ့သို့ ဖြစ်နေပေသည်။ ဆယ်နှစ်ကျော်ကျော်ကပင် စုဆောင်းထားခဲ့ရာ ယခုအသက် ၂ဝ နီးပါးအထိ ပေစာ ပေတိုများ ပေါလှပေသည်။ သူ၏ဦးခေါင်းထဲ၌ကား ထိုပေတိုများထက်အဆပေါင်းများစွာ ထူထပ်နေပေသေးသည်။ ရွာထဲ၌ သာမှုရှိတိုင်း နာမှုရှိ တိုင်း မောင်ညိုရောက်စမြဲဖြစ်၏။ အသက် ၆ဝ ကျော် ၇ဝ အရွယ်ရှိကြသူ ဘကြီးဦးရွှေ၊ ဦးဆောက်ရွာ၏ ဘိုးအေဖြစ်ကြသူများ ဦးနီတိုး၊ ဦးဘိုးခင်တို့၏ ပါးစပ်မှ ထွက်သမျှစကား ဘုန်းတော်ကြီးများထံမှ ကြသမျှအားလုံးကို စေ့သေချောမှတ်သားတတ်လေသည်။ သူ၏ လက်ထဲအမြဲတစေလို ပင် ပေစကိုမြင်ရ၏။ ပေတိုပေစများသာလျှင် သူ၏ဦးခေါင်းထဲ၌ ကျက်စား ကြ၏။ စဉ်းစားခန်း၌လည်း စာအကြောင်းသာ ဖြစ်ပေသည်။ သို့သော် တစ်ခါတစ်ရံထွေးလုံကို ပြေး၍ သတိရ၏။ ထွေးလုံ အကြောင်း စဉ်းစားလျှင် သူ ဖခင်သူကြီးဦးမင်းဒင်ကို မမေ့နိုင်ပေ။ "ဒီအဘိုးကြီးက လယ်လုပ်တတ်မှ ထမင်းစားရမယ် ထင်သလား။ ငါလဲလယ်တော့မလုပ်တတ် မဟုတ်ပါဘူး" တွေးမိရင်း တစ်ယောက်တည်း ငြီးမိ၏။ ထွေးလုံကိုကား မောင်ညိုသည် တကယ့်မေတ္တာစစ်နှင့်ချစ်၏။ ထွေးလုံကလည်း အမေလယ် က ပြောစဉ်ကတည်းကပင် မောင်ညိုဘက်သို့ မေတ္တာညွတ်လျက်ရှိ၏။ မောင်ညို၏ ရိုးသား တည်ကြည်ဖြောင့်မတ်ပုံကို ယုံစားကြည်ညိုပြီးလျှင် လူကြီးမိဘများက သဘောတူ ပေးစားရန် လာစပ်သူလာဟပ်သူကို ငြင်းပယ်ခဲ့သည်မှာ များလေပြီ ဦးမင်းဒင်ကလည်း "မောင်ညိုဟာ မင်းအကြောင်း စိုးအကြောင်းတယ်ပြီး ပြောချင်တယ်။ တော်ကြာမဟုတ်တာလျှာလွဲမိမှဖြင့် ဘုရင့်ဓားစာ ထောင်ပြစ်တွေက ခံနေရဦးမယ်" ဘာမယ်ညာမယ်နှင့် သမီးအားလှည့်ဖြား၏။ သို့သော် မထွေးလုံ ၏ မေတ္တာမှာကျောက်တိုင်ကဲ့သို့ ခိုင်မာလေသည်။ နောက်ဆုံးသမီးကို ချစ်ကြသည့်အလျောက် ဦးမင်းဒင် တို့လည်း မောင်ညိုနှင့်ပင်သမီးအား နေရာချထားပေးရန် သဘောမျှလိုက်လေသည်။
မကြာမီဝန်စင်းရွာထဲ၌ စာတိုငညိုတစ်ယောက်ဖြင့် မယားနဲ့ငညိုဖြစ်သွားပြီဟု ပြောစမှတ်ဖြစ်လာ၏။ မင်္ဂလာဆောင်စဉ် သူကြီးမင်းကလယ် ၁ဝ ဧကလက်ဖွဲ့လိုက်လေသည်။ ချစ်သူနှစ်ဦးမှာ လည်း ပေတို ပေစခေါင်းမိုးနှင့် အုပ်ကာလျက်ရှိသော တဲထဲ၌ ပျော်မြူးစွာ နေထိုင်လျက်ရှိကြ၏။ လူကြီးပိုင်းသို့ ရောက်လာသောအခါ စာတိုဦးညိုမှာ ငယ်ငယ်ရွယ်စဉ်ကထက်ပင် ဗဟုသုတကို ရှာကြံစုဆောင်း၏။ ဘကြီးဦးရွှေ၊ ဦးဘိုးခင်တို့အား အိမ်သို့ပင့်ဖိတ်ကာ ရှေးဟောင်းနှောင်းဖြစ်တို့ကို နာယူလေသည်။ ရွာ၌ ခိုက်ရန်ဖြစ်ပွား၊ မတရားမှုအသီးသီး၊ ခိုးမှုအမျိုးမျိုး၊ ကြွေးမှုအသွယ်သွယ်တို့ ရှုပ်ပွေခက်ခဲဖြစ်လာလျှင် ငယ်ပင်ငယ်သော်လည်း ပညာဂုဏ်ရှိသဖြင့် စာတိုကိုညို၏ ဆုံးဖြတ်ချက် ဆုံးမချက်ကိုနာခံ၍ ပြီးပြတ်ကြလေသည်။ ဦးညိုကလည်း သူကြားဘူးသောအကြောင်းတို့ကို ဥပမာဥပမေယျနှင့် နည်းကျလမ်းမှန် အတိုင်းပြောကြားကာ ဆုံးမပေးတတ်လေသည်။ သို့နှင့်စာတိုကိုညို၏ သတင်းသည်သင်းပျံ့သော ဂန္ဓမာပန်းနံ့သည် လေထဲတွင်လွင့်ပျံ့လျက်ရှိသကဲ့သို့ ဝန်စင်းရွာနှင့်တကွ ရွာနီးချုပ်စပ်များပေါ်၌ပါ ကျော်ကြားနေပေ၏။
ရက်မှသည် လ၊ လမှသည် နှစ်သို့ကူးခဲ့ပေပြီ။ သက္ကရာဇ် ၇၃ဝ ပြည့်နှစ် ဝါဆိုလဆန်းတစ်ည၌ ကိုညိုမထွေးလုံတို့၏ အိမ်ဦးခန်း၌ ဦးကြီးဖုန်း၊ ဦးဘိုးခင်၊ ဦးရွှေတို့သည် စကားလက်ဆုံ ကျနေကြ လေသည်။ အမေဖွားမှာသူတို့နှင့် မနီးမဝေး မြက်ဖျာငယ်ပေါ်၌ ပုတီးစိပ်လျက် ထိုင်နေ၏။ မထွေးလုံမှာ ပဲလှော်သုတ်ရန် ပြင်နေ၏။
"တနေ့ကရွာလိုက်တဲ့မိုးဖြင့် သဲလှပါပေ့. . ." ဟု ဦးရွှေသည်ပြောင်းဖူး ဆေးလိပ်ကြီးကို ရှုရှိုက်နေရာမှ ပြောလိုက်လေသည်။ ဦးကြီးဖုန်းမှာ အိမ်အမိုးကို ငေးလျက်ရှိလေသည်။ များပြား ထူထပ်လှသော ပေတိုပေရွက်များသည် မိုးရေကိုမဖေါက်ထွင်းအောင် ခုခံနိုင်ရည်ရှိပေသည်ဟု စိတ်ထဲ၌ ကြိတ်ကာ တွေးနေ၏။
"ဟုတ်ပါ့ဗျာ. . .ပုပ္ပါးတောင်တော်က ရေတွေများလွန်းလို့ မိတ္ထီလာကန်တောင်ရေပြည့်နေပြီကြား တယ်" လို့ပြောရင်းမှ ဦးကြီးဖုန်းက သူ့ချွေးမ မထွေးလုံသို့လှမ်းကာ "သမီးရေ…ပဲလှော်သုတ် မြန်မြန် ယူခဲ့ပါကွယ်…ဟောဒီ ကိုဘိုးခင်ပျင်းရော့မယ်" ဟုပြောလိုက်၏။ မကြာမီမထွေးလုံလည်း ပုဂံရွှေမြို့ တော်မှဖြစ်သော ဗျတ်နီအခွေကလေးထဲတွင် ပဲလှော်သုတ်ကိုထည့်ကာ ယူခဲ့၏။ ကြက်သွန်အနီကို အကွင်းလိုက်လှီး၍ ရောထားပေသည်။ ဆီရောင်မှာလည်း တပြောင်ပြောင် တရွှမ်းရွှမ်း၊ "ဟေ့ မောင်ရင်ညို လာကွယ်..မင်းပေရွက်ချထားပါဦး၊ ပြီးမှဖတ်ပါ လာစားစမ်းပါအုံးလေ" ဟု ဦးရွှေက ကိုညိုအားခေါ်လိုက်လေသည်။ ကိုညိုလည်းပေတိုကို ထရံ၌ညှပ်ကာ မီးခွက်ကိုဦးရွှေတို့အနီးတွင် ချလေသည်။
ထိုအခိုက်တဲအပြင်ဘက်မှ "ဦးလေဖုန်း..ဗျို့ ဦးလေးဖုန်း" ဟူသော လူငယ်တစ်ယောက်၏ ခေါ်သံကို ကြားရ၏။ "ဟေ့…ဘယ်သူလဲ၊ မောင်တိုးလားဟေ့…မင်းအနောက်ကပြန်လာပြီလား၊ ဝင်ခဲ့ဦးကွာ"
"ဟုတ်ကဲ့ခုပဲ လှည်းဆိုက်တယ်။ မိတ္ထီလာကန်ကျိုးလို့ ကန်အောက်ကရွာတွေ ရေနစ်ကုန်ပတဲ့၊ လယ်တွေလဲ အတော်ပျက်ဆိုပဲ၊ အဲဒါထက်အရေးကြီးတာ အဝရွှေမြို့တော်က တော်ဘုရားကြီး ကိုယ်တော်တိုင် တပ်ချီပြီး ကန်ဆယ်ဖို့လာပြီတဲ့၊ ခုလောက်ဆို ရှားရွာထိပ်လောက်ရောက်လာရောပေါ့" လို့ပြောရင်း မောင်တိုးလည်း တဲထဲသို့ဝင်ကာ ကွပ်ပြစ်ပေါ်တွင် ထိုင်လိုက်သည်။ ထိုသတင်းကို ကြားသဖြင့် ဦးကြီးဖုန်းမှာ အတော်အံ့သြနေပေသည်။ ဦးဘိုးခင်က "ဟင်..ဒီလိုဆိုရင် ရွာတွေ လယ်တွေ အတော်ဒုက္ခရောက်ကုန်တာပေါ့။ အေးလေ. . .ရွာတဲ့မိုးကလည်း များပေသကိုး၊ ကျုပ်တို့ရွာ မှာတောင် ဘယ်ကချောင်းရေတွေလျှံလုမတက်ဘဲ" အမေဖွားလည်း ပုတီးစိပ်ရာမှ ထလာကာ "မင်းကြီးကိုယ်တော်တိုင် ရောက်နေတယ်ဟုတ်လား..ဖူးချင်စမ်းပါဘိကွယ်" သို့နှင့်ကန်အကြောင်းကို တစ်ယောက်တစ်မျိုး ပြောကြဆိုကြကာ ညဥ့်နက်လာပြီဖြစ်သဖြင့် ဧည့်သည်များ ပြန်သွားကြတော့၏။ ကိုညိုတို့ သားအဖတစ်စုလည်း အိပ်ကြလေသည်။
ဆွမ်းခံဝင်ချိန်ဖြစ်သည့်အလျောက် နေလည်းအတော်မြင့်ကာ ပူပြင်းစပြုပေပြီ၊ မထွေးလုံမှာ မီးဖိုအနီး တွင် ဗန်းထဲရှိ ချည်ပေါင်ရွက်များကို သင်လျက်ရှိ၏။ မီးဖိုပေါ်၌ ဆူပွက်လျက်ရှိသော အချည်ဟင်းအိုး ကိုလည်း မကြာမကြာလှည့်၍ ကြည့်လေသည် အမေဖွားမှာ အိမ်ဦးခန်းထောင့်တစ်ခုထဲ၌ မင်္ဂလာ သုတ်ကို တတွတ်တွတ် ရွတ်နေသည်။ အမေဖွား၏တရားစာရွတ်သံနှင့် တစ်ခါတစ်ရံရောထွေး၍ တဲအပြင်ဘက်မှ ဦးကြီးဖုန်း၏ ပြောင်းရိုးစင်းသံသည် ပေါ်လာပေသည်။ ထိုအခိုက်သူကြီးမင်း ဦးမင်းဒင်သည် ပြာရိပြာရာ အရေးတကြီးနှင့် ရောက်လာ၏။ "ကိုရွှေဖုန်း မင်းသားကော"၊ "လယ်ထဲ သွားပြီးထွန်နေတယ် ဘာကိစ္စများတုန်း၊ အရေးကြီးသလား" မထွေးလုံသည် ဟင်းအိုးထဲသို့ ချဉ်ပေါင် ရွက်များကိုထည့်ကာ သူ၏ဖခင်သံကိုကြားသဖြင့် ထွက်လာခဲ့၏။ အမေဖွားမှာ မေတ္တာသုတ်ကိုထပ်၍ ရွတ်နေသေးသည်သာပင်။
"အရေးကြီးဆို တော်ဘုရားယာယီနန်းတော်က မောင်ညိုကိုအခေါ်လွှတ်လိုက်လို့၊ အိမ်မှာ တမန်တော် တွေရောက်နေကြပြီ" ဟုပြောရင်း ဦးမင်းဒင်သည် ရှေ့၌ကျနေသည့် ပုဆိုးစနှင့် နဖူးမှချွေးများကို သုတ်ရင်းပြောလေသည်။ "ဘာလဲ ဘဘရဲ့ ကိုရင်ညိုကို ခေါ်တယ်။ ဘာများလုပ်မလို့ပါလိမ့်" စိုးရိမ်သံ ဝဲဝဲနှင့်မထွေးလုံက မေး၏။
"ဘယ်သိမလဲ နင်လင်က မင်းပေါက်စိုးကြားမတော်တာများ ပြောပြီထင်တာပဲ၊ အခုတော့ အရေးကြီးနေပြီ သွားသာခေါ်ပြီး မြန်မြန်လုပ်"
မျက်ရည်စသည် မသိမသာရစ်ဝဲ၍ တွဲရဲကလေး မထွေးလုံ၏ မျက်လုံးများထဲတွင် ပေါ်လာသည်ကို ဦးကြီးဖုန်းမြင်ယောင်ရှိလေသည်။ အိမ်ထဲမှ အမေဖွားလည်းထွက်လာ၏။ ဦးကြီးဖုန်းအား အကြောင်းစုံ ပြောပြရလေ၏။ သူလည်း စိုးရိမ်ပူပန်ခြင်း သောကနယ်တွင်းသို့ သက်ဆင်းလေပြီ။ "ကိုင်း မောင်ညိုကို သာသွားခေါ်ချီပါလေ၊ ဒီလိုနဲ့မပြီးသေးဘူး" ဟု သူ၏နှုတ်ခမ်းကို လက်နှင့်သတ်ရင်း ဦးမင်းဒင်က မထွေးလုံအားခိုင်းလိုက်၏။ မထွေးလုံ၏ ရင်တွင်း၌ကား ကမ္ဘာမီးဝင်၍စွဲသည့်နှယ်။ အရှေ့တောင် ထောင့်တဲဆီမှ မိုးသားတိမ်ညိုတို့သည် အလိပ်လိုက်တက်ချီလာ ကြသည်။ နေရောင်ပင်ညို့သွား၏။ လမ်းနံဘေးချုံကြားသစ်ပင်ဖျားဖျားဆီမှ ကျေးငှက်သံတို့သည် လာနေသောမထွေးလုံအား အပူတေး ဆိုပေးသည့်နှယ် တူကြပေသည်။ မကြာမီ ရွာ၏ တောင်ဘက်ရှိလယ်များကို မြင်ရလေသည်။ ထန်းပင် တို့သည် လယ်၏နံဘေး၌ အစီအရီရှိ၍ ညို့နေသော တိမ်ထဲတွင်ထိုးဝင်နေသည်နှင့်တူ၏။ သူ၏ လင်ယောက်ျားကိုညိုမှာ နွားနှစ်ကောင်ဆွဲရာတွင် လယ်ထဲ၌တဝဲလည်လည်ဖြစ်နေ၏။
"ကိုရင်ညို…ဟေကိုရင်ညို" သို့သော် မထွေးလုံ၏ခေါ်သံများသည် ကိုညို၏နွားငေါက်သံထဲတွင် လွင့်စင်သွားလေသည်။ အနီးရောက်မှ "ကိုရင်ညိုရဲ့ ခေါ်သံမကြားဘာမကြားနဲ့ ရွာထဲမှာ ဘုရင်က တော့်ကို အခေါ်ခိုင်းလို့တဲ့" အသံမှာ ဝမ်းနည်းသံနှင့် ရောထွေးလျက်ရှိသည့်အပြင် ပြေးလာရသော မထွေးလုံမှာ ကပိုကရိုပြေကျလျက်ရှိသော ဆံပင်များကို မသိမ်းနိုင်၊ "ဟင်…တော်ဘုရားရွှေဘုန်းတော် ရှင်က အခေါ်ခိုင်းတယ်" တည်ကြည်သော ကိုညို၏မျက်နှာမှာ လေသံကင်းမဲ့၍ လှိုင်းဂယက်မရှိသော ပင်လယ်၏မျက်နှာပြင်ကဲ့သို့သာ မြင်ရလေသည်။ "ဟုတ်တယ်ကိုရင်ရဲ့ ကိုရင်စကားပြောများ မှားလေသလား၊ မင်းမကြိုက်တာပြောမိလို့၊ လွှတ်လိုက်တယ်ထင်တာဘဲ…" သို့ပြောရင်းမထွေးလုံမှာ ငိုလေသည်။ လှိုင်းလုံးကဲ့သို့ ဖိုလှိုက်ဖိုလှိုက် ဖြစ်နေသော ရင်အုံကို ကိုညိုသည်မြင်ရ၏။ သို့သော် ကိုညိုမှာ ကျောက်တိုင်ကဲ့သို့ပင် ထူးခြားလှုပ်ရှားခြင်းမရှိပေ။
"ကိုင်းတစ်ခါဖြင့် ရှင်မနဲ ကိုနဲ့တော့အထက်တန်းစည်းစိမ်ဂုဏ်အရှိန် တက်ရတော့မယ်" ဟု စစ်အောင်လာသော စစ်သား၏လေသံနှင့်ပင် သူ၏ကိုမယားချောလေသည်။ မထွေးလုံမှာ ဆင်နေသော မိုးတိမ်ကဲ့သို့ပင် မဲ့နေသည်။ "ကဲ…ကဲငိုမနေနဲ့တော့ ရှင်မ…တို့ချမ်းသာဖို့ အရေးခုမှ ဆိုက်တာဘဲ"
သို့ပြောရင်း ထွန်မှနွားညိုနှင့်နွားနီကြီးတို့အား ဖြုတ်လေသည်။ မထွေးလုံမှာ နားမလည်နိုင်။ တဖန် လယ်တောင်ဘက်နားရှိ သပြေပင်သို့သွားကာ သပြေခက်ကိုချိုးခဲ့၏။ သပြေပန်းများကို နွားများ၏ ချိုတို့၌ ကိုညိုသည် တုတ်ချီနေ၏။ "ဒီနေ့ကစပြီး ငါ့သားကြီးများလိုရာကိုသွားပြီး လွတ်လပ်စွာ နေပေတော့" ဟု သတို့သားနှင့် သတိုးသမီးတို့အား ဆုတောင်းပေးသောမိဘ၏အသံနှင့် ကိုညိုကပြော လိုက်ကာ နွားတို့အား လွှတ်လိုက်၏။ အရှင်ချစ်နားမှ သွားလိုဟန်မတူသောနွားတို့မှာ မလှုပ်မရှက် နားရွက်ပင်မခတ်ကြချေ။ တစ်ကောင်ကို တစ်ကောင်သာဝမ်းသာရမလို ဝမ်းနည်းရမလိုနှင့် ကြည့်နေ ကြ၏။ သို့နှင့်ကိုညိုလည်း မထွေးလုံအားခေါ်ပြီးလျှင် ရွာထဲဝင်ခဲ့၏။ ရွာထဲရှိ အသိမိတ်ဆွေတို့မှာလည်း ရင်တခုန်ခုန်၊ "ဟုတ်ပါတယ် ဒီကောင်ဟိုလူနဲ့စကားများ ဒီလူနဲ့စကားအငြင်းဖြစ် ကျန်စစ်သားမိဖုရား ဘယ်နှစ်ပါးထားတယ်၊ မိဖုရားဖွားစောဟာ ရှမ်းမြို့စားညီအစ်ကိုသုံးယောက်နဲ့ တိတ်တဆိတ်ကြိုက် တယ်၊ ကြိုက်လို့ကျော်စွာကို နန်းချပြီးအဲဒီရှမ်းတွေကို နန်းအပ်တယ်လို့ပြောတယ်" ဟု တစ်ယောက် တစ်ပေါက်ပြောနေကြပေသည်။ ကိုမြဒင်တို့ ဘိုးအောင်ညိုတို့မှာလည်း သူတို့မိတ်ဆွေအတွက် ရတက် ဖြာလျက်ရှိကြသည်။ မထွေးလုံကိုမြင်သောအခါ သူ၏အဖော်တစ်စုထဲတွင် မအုန်းညွန့်က "ဟေ့…ရှင် လုံရဲ့…ဘာဖြစ်တာလဲ..အမှုများဖြစ်ထားသလား။ တို့လဲ မကြားပါဘူး" ဟု မေး၏။ မထွေးလုံသည် "မဟုတ်ဖူးမသိဘူး" ဟုပြောရင်း ထွက်လာခဲ့၏။ အိမ်၌ဦးကြီးဖုန်းမှာ ယောက်ျားဖြစ်၍ အားတင်းနိုင် သော်ငြားလည်း အမေဖွားမှာ ရင်သွေးအတွက်ရတတ်မအေးဘဲ ရှိလေသည်။ "အမေရဲ့..ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဘုရင်ကြီးက ခိုင်းစရာရှိလို့ ခိုင်းဖို့အခေါ်လွှတ်တာ ဖြစ်ပါလိမ့်မယ်" ဘာမယ်ညာမယ်နှင့် ဖွယ်ဖွယ်ရာရာ ကိုညိုက ဖွဲ့ဖွဲ့ပြောသော်လည်း၊ အမေဖွားမှာ ချွေးမဖြစ်သူ မထွေးလုံကဲ့သို့ အတွေးနှင့် ဆွေးနေ၏။
အတန်ကြာလတ်သော် ဝင်စင်းရွာပေါက်မှ မြင်းစီးစစ်သားငါးဦးတို့ ထွက်လာသည်ကို မြင်ရ၏။ နောက်မှလှည်းယဉ်ကလေး တစ်ခုသည် ခြူသံတညံညံနှင့် ပါလာ၏။ လှည်းပေါ်တွင် ထိုင်လိုက်လာ သောကိုညိုမှာ ပြုံးတုံးတုံး၊ ဦးကြီးဖုန်းမှာ တွေးလျက်၊ ထိုမြင်းနှင့်နွားများ၏ ခြေများမှ ထွက်လာသော ဖုံထုံးကြီးများသည် မျက်ရည်ရစ်ထဲလျက်ကြည့်ကာ ကျန်ရစ်သူမထွေးလုံအား ကွယ်ဖျောက်လိုက်လေ သတည်း။
(ဤကား မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသော အမတ်ပညာရှိပုဂ္ဂိုလ်တို့အနက် တစ်ဦးအပါ အဝင်ဖြစ်သည့် အမတ်ကြီးဖိုးရာဇာ၏ အကြောင်းဖြစ်ပေသည်။ အထက်ပါအချင်းအရာတို့မှာ အင်းဝ ဘုရင်မင်းကြီးစော်ကဲသည် မတ္ထီလာကန်ကျိုးပေါက်၍ လာရောက်မဆည်မီ ဖြစ်ပျက်ပုံတို့ ကို ရှေးပေဟောင်း စာတိုများမှလည်းကောင်း သူဟောင်းတို့ ပါးစပ်မှလည်းကောင်း ဖတ်ကြား နားထောင်ဘူးသည့် အတိုင်းရေးရပါသည်။)
(ဂန္တလောကမဂ္ဂဇင်း ၁၉၃၉ ခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီလ စာ ၅၅ဝ-၅၅၄)
စာရေးသူအကြောင်း
မိတ္ထီလာတွင် မွေးဖွားသည်။ အမည်ရင်းမှာ ကိုအောင်။ မောင်အာယုကလောင်အမည်ဖြင့် ဝတ္ထုတိုနှင့် စာပေဆောင်းပါးများ ရေးသား၍ 'ဗညား' ဟူသော ကလောင်ဝှက်ဖြင့် လှောင်ပြောင်စာများရေးသား သည်။ တက္ကသိုလ်မဂ္ဂဇင်းတွင် ပါရှိသည့် 'မင်းမျိုး' ဟူသော သရော်စာဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်သည်။
၁၉၃၇ ခုနှစ်တွင် မြန်မာစာဂုဏ်ထူးတန်းတွင် တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ရရှိပြီးသောအခါ မန္တလေး ဥပမာကောလိပ်မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်တွင် ကွယ်လွန်သွားခဲ့သည်။