၁၉၅၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်နေ့၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးရွာမှာ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးသွားပါတယ်။ နဘူးရွာဘက်က ချီတက်လာတဲ့ တပ်မတော် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ထို့ကော် ကိုးရွာကြီးဟာ ဒေါနတောင်ခြေမှာ ရှိပါတယ်။ နဘူး၊ ပတ၊ ထို့ကော်ကိုး သကြား ဒေသဟာ တပ်မတော်နဲ့ KNUတပ်များ မကြာခဏ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ ၁၉၈၉-၉၀ ပြည့်နှစ်မှာ ကျွန်တော်တို့ ထို့ကော်ကိုး နဘူးဒေသကို ရောက်ခဲ့ပါတယ်။ အင်းရှည်ရွာကြီးမှာ ညအိပ်ပါတယ်။ မနက်စာ စားတဲ့အခါ စစ်ကြောင်းမှူး ဟင်းပွဲထဲမှာ ကြက်သားဟင်းတွေ ပါလာပါတယ်။ ဘယ်သူချက်တာလဲလို့ မေးလိုက်တော့ တပ်စိတ်က ပို့တာဆိုလို့ တပ်စိတ်မှူး ခေါ်မေးတယ်။ တပ်စိတ်မှူးကလည်း သူ့တပ်စိတ်က အထမ်းသမား ယူလာတဲ့ကြက်လို့ ပြောတယ်။ အထမ်းသမား ခေါ်စစ်လိုက်တော့ ညက ရဲဘော်နဲ့အတူ ခိုးတဲ့ကြက် ဖြစ်နေပါတယ်။ ကျွန်တော် ရဲဘော်တွေနဲ့ ရွာသားတွေကို ရွာလယ်မှာ စုခိုင်းပြီး တပ်စိတ်မှူး အပါအ၀င် ရဲဘော် ရှစ်ယောက်နဲ့ အထမ်းသမားကို တန်းစီပြီး ၀ါးလုံးနဲ့ ရိုက်တယ်။ မရိုက်ရဘူးဆိုတဲ့ အမိန့်ရှိပါတယ်။ ကျွန်တော် ရည်ရွယ်ချက် ရှိရှိနဲ့ ရိုက်တာဖြစ်ပါတယ်။
ကျွန်တော်တို့ တပ်မတော်ဟာ ပြည်သူ့တပ်မတော် ဖြစ်ပါတယ်။ မိဘပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်ပါ တယ်။ မိဘပြည်သူတွေ အပေါ် ဘယ်လို ပြုကျင့်ဆက်ဆံရမယ်ဆိုတာ ကျွန်တော်တို့ ဗိုလ်သင်တန်းမှာရော၊ ရဲဘော်တွေရဲ့ စစ်အခြေခံသင်တန်းမှာပါ သင်ကြားပို့ချပြီး ဖြစ်ပါတယ်။ ရဲဘော်တွေဟာ လူကြားကောင်းအောင် ရွာရောက်တာနဲ့ “အမိုး၊ ဖိုးခွားတို့ အမိုးတို့အိမ်မှာ တည်းမယ်နော်။ ဖိုးခွားတို့ဟာ အမိုးတို့သားတွေပါ။ ကိုယ့်မိဘအိမ်လို သဘောထားပြီး တည်းမယ်” ဆိုပြီး တည်းကြတယ်။ တစ်ပတ်လောက် ကြာတဲ့အချိန်မှာ အမိုး ကရင်မကြီးက “ရဲဘော်ရယ် နင်တို့က ဘယ်လိုသားတွေလဲ။ အမိုးခပ်တဲ့ရေ၊ အမိုး ခွေတဲ့ထင်းလည်း ယူသုံးတယ်။ အမိုး ငါးပိအိုး၊ ဆားအိုးတွေလည်း ကုန်ပြီ”လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။
တပ်မတော်သားတွေဟာ မတစ်ထောင်သားတွေလို့ ဆင်ခြေပေးလို့မရဘူး၊ အမိန့်အာဏာ အကြပ်မှာဆိုတဲ့ အတိုင်း အရာရှိ၊ အရာခံ၊ အကြပ်တွေက ကြပ်မတ်ဖို့ လိုပါတယ်။ ကျွန်တော့် စစ်ကြောင်းမှာ ရဲဘော် နှစ်ရာခန့်ရှိပါတယ်။ အဆင့်ဆင့် ကြပ်မတ်ရပါတယ်။ စည်းရုံးရေးဆိုတာ နှုတ်က ပြောရုံနဲ့မရဘူး။ လက်တွေ့လုပ်ကြရမှာ ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်၊ ကျွန်တော် တို့တပ် စစ်ဆင်ရေး ၀င်ရောက်ချိန် ကျုံဒိုးကနေ နဘူးကို လေးနာရီလောက် တောတောင် လယ်ယာတွေ ကို ဖြတ်သွားရပါတယ်။ နဘူးကနေ ထို့ကော်ကိုးကို သုံးနာရီလောက် သွားရတယ်။ လမ်းမှာရှိတဲ့ ၀ါးတံတားလေးတွေကို တပ်က သစ်သားတံတား ထိုးပေး ပါတယ်။ နဘူးရွာက ၀ါးဘုန်းကြီးကျောင်းကို သစ်နဲ့ တည်ဆောက်ပေး ပါတယ်။ နဘူးဒေသကလူတွေက KNUရဲ့ အမိန့်ကြောင့် သစ်မခုတ်ရဲဘူး။ တပ်ကပဲခုတ်ပြီး ဆောက်လုပ်ပေး ရတယ်။ နဘူးရွာမှာလည်း ဗထူးတပ်မြို့က အောင်မြေစင်္ကြာစေတီနဲ့ ပုံစံတူ စေတီတစ်ဆူ ထုံးသင်္ကန်းကပ်ပြီး တည်ထားပေး ခဲ့ပါတယ်။
ယခုတစ်ခေါက် နဘူးကို သွားတဲ့အချိန်မှာ ချောမွေ့နေတဲ့ ကတ္တရာလမ်းမကြီးကနေ ကားနဲ့ သွားရပါတယ်။ တံတားတွေလည်း အခိုင်အခံ့ အုတ်တံတားတွေ ဖြစ်နေပါတယ်။ နာရီဝက်ခန့်ပဲ ကြာပါတယ်။ နဘူးဘုန်းကြီးကျောင်းလည်း တိုက်ကျောင်းကြီး ဖြစ်နေ ပါပြီ။ တည်ခဲ့တဲ့ စေတီလည်း ရွှေရောင်တ၀င်းဝင်း ဖူးတွေ့ရပါတယ်။ ဒီလိုတိုးတက်လာတာ ကော့ကရိတ် တပ်မမှူး ဗိုလ်ချုပ်လွန်းမောင် လက်ထက်ကလို့ ရွာသားတွေက ပြောပြပါတယ်။ တိုင်းပြည် ခေါင်းဆောင်တွေက ပြည်နယ်ကို တိုးတက်အောင် ဆောင်ရွက်ပေးတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မတော်သားတွေလည်း စိတ်ဓာတ်တွေ ပြောင်းလဲဖို့ လိုအပ်ပါ တယ်။ မိဘပြည်သူတွေကို မိဘလိုဆက်ဆံပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကျွန်တော်တို့နဲ့ ညီအစ်ကိုတွေဖြစ်ပါတယ်။
ကရင်ပြည်နယ်ကို ကျွန်တော်က Little England လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်မှာ ဘုရင်မကြီး အုပ်ချုပ်သလို ကရင်ပြည်နယ်က ရွာတွေမှာ သူကြီးမတွေ အုပ်ချုပ်လို့ ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးလာတဲ့ အချိန်မှာ ဘာဖြစ်လို့ ယောက်ျားသူကြီးတွေ မအုပ်ချုပ်တာလဲလို့ မေးကြည့်ပါတယ်။ “တပ်မတော်ကပဲ လာလာ၊ KNUကပဲ လာလာ ရွာရောက်တာနဲ့ သူကြီးခေါ်ပြီး လိုတာတောင်းတယ်။ မပေးနိုင်ရင် အရိုက်ခံရတယ်။ ပေါ်တာဆွဲသွားတယ်။ အမိုးတို့ကျတော့ စစ်ကြောင်းမှူးရယ်၊ ဗိုလ်ကြီး ရယ်ဆိုပြီး ချွဲလို့ရတာပေါ့။ ပေါ်တာလည်း မဆွဲဘူးလေ။ အမိုးတို့ရွာကတော့ စစ်တပ်လည်း ကြောက်ရတယ်။ KNUလည်း ကြောက် ရတယ်။ အမိုးတို့ရှာလို့ရတာ သုံးပုံ ခွဲထားရတယ်။ တစ်ပုံက KNU၊ တစ်ပုံက စစ်တပ်အတွက်၊ ကျန်တဲ့တစ်ပုံက အမိုးတို့စားဖို့ လှူဖို့” လို့ သာသာနဲ့ နာနာ ကျွန်တော့်ကို ပြောပြတယ်။
၁၉၈၉ခုနှစ် စစ်ဆင်ရေး ၀င်ရောက်ချိန် ရွာတွေမှာ အရွယ်ရောက်တဲ့ ယောက်ျားလေး လူငယ်တစ်ယောက်မှ မတွေ့ရ ဘူး။ မေးကြည့်လိုက်တော့ တောင်ပေါ်သွားပြီး အလုပ်လုပ်တယ်လို့ ပြောကြတယ်။ KNUထဲ ၀င်သွားတဲ့လူနဲ့ တစ်ဖက်နိုင်ငံမှာ သွားပြီး အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။ အခုသွားတဲ့ အချိန်မှာ လူငယ်အများကြီး တွေ့ရတယ်။ လွှတ်တော်အမတ် ဦးစိုးဌေး ဒိုင်း ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာ ရွာတွေ ၀င်ရောက်ယှဉ်ပြိုင်ကြတယ်လို့ သိရတည်။ ရွာတွေမှာ မိုးတွင်း လယ်ထွန်၊ စပါးစိုက်၊ စပါး ရိတ်ပြီး ဘာအလုပ်မှ မယ်မယ်ရရ မရှိကြဘူး။ နယ်မြေဒေသ တိုးတက်ဖို့ဆိုရင် လူ့စွမ်းအား အရင်းအမြစ်တွေ စနစ်တကျ အသုံးချနိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
တစ်ချိန်တုန်းကတော့ နယ်မြေ မအေးချမ်းတာကို အကြောင်းပြကြတယ်။ နယ်မြေ အေးချမ်းတော့မယ့် အခြေအနေရှိလာပြီမို့ ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါတယ်။ သူ့ကြောင့် ငါ့ကြောင့်ဆိုပြီး အပြစ်ရှာနေမယ့်အစား ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန်က ဂျပန်ကို အဏုမြူဗုံးကြဲတဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူဖို့ လိုပါတယ်။ ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့မှာ ဟီရိုရှီးမားမြို့ပေါ်ကို အဏုမြူဗုံး ထပ်ချလိုက်တယ်။ လူပေါင်း တစ်သိန်းကျော် ထပ်မံ သေကျေပျက်စီးသွားတယ်။ ဂျပန်တွေ လက်နက် ချလိုက်ရတယ်။
သြဂုတ်လ ၆ရက်နေ့ ကြဲချတဲ့ ဗုံးအပေါ် ဝေဖန်မှု မရှိပေမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထပ်မံဗုံးချခံရတာ စစ်သွေးကြွနေတဲ့ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မာနကြောင့်ဆိုပြီး နောက်ပိုင်းမှာ ဝေဖန်သံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ က ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး လက်နက်ဖြစ်တဲ့ အဏုမြူဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ မြို့ကြီးနှစ်မြို့ အခုပြန်လည်ဖွံ့ဖြိုး တိုးတက်နေ ပါပြီ။ သေဆုံးဒဏ်ရာရတဲ့ လူနှစ်သိန်းကျော်လည်း မရှိတော့သလောက်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀က ပြည်တွင်းစစ် ဒဏ်ခံနေရတဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီး အခုထိ နာလန်မထူသေးပါဘူး။ လူပေါင်း နှစ်သိန်းမကဘူး သန်းနဲ့ချီပြီး ပြည်တွင်းစစ်ကြောင့် ဆင်းရဲမွဲတေမှုဒဏ် ခံနေရပါတယ်။ တိုင်းတစ်ပါးကို အိုးပစ်အိမ်ပစ် ထွက်ခွာသွားခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သယံဇတတွေ ဆုံးရှုံးခဲ့ရတယ်။ ဆင်းရဲမွဲတေမှုကြောင့် စည်းလုံးရေး ပျက်ပြားခဲ့ရပါတယ်။
ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ စဉ်းစားချိန် သြဂုတ်လ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်သာ ရခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် (တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် များ) နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင် များ နှစ်ပေါင်း ၇၀ အတွေ့အကြုံကို သုံးသပ်ပြီး ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်။
Writer : အောင်မြင်သူ