••• ပညာရှိ နဲ့ အနှိပ်သည်
နန္ဒာမိုးကြယ်
မင်းတုန်းမင်းလက်ထက်က ပိဋကတ်အရာတွင် ဆရာတော်ကြီးများကိုယ်တိုင် လက်ဖျားခါယူ ရလောက် .အောင်တော်သော ပညာရှိတစ်ဦးရှိခဲ့ဖူးသည်။ အကြီးတော် ဦးမှို ဟုခေါ်သည်။ မင်းတုန်းမင်း၏ သားတော်ကြီးမလွန်မင်းသား၊ မြင်ကွန်းမင်းသားတို့၏ အကြီးတော်ဖြစ်သည်။ ပုဂံမင်းသမီးမိမိ နှင့် အိမ်ထောင်ကျခဲ့သည်။
အိမ်ထောင်ကျခဲ့ပြီးနောက် ရန်ကုန်လမ်းမတော်အထက်လမ်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်က ဆရာကြီး မော်ပီဆရာသိန်းသည် ဦးမှိုထံတပည့်ခံကာ ပညာရှာမှီးနေချိန်ဖြစ်သည်။ တစ်နေ့တွင် အကြီးတော်ထံသို့ လူငယ်တစ်ဦးရောက်ရှိလာသည်။ လာရခြင်းအကြောင်းမှာ ပုဇွန်တောင်မှ ပွဲစားကြီး တစ်ဦးက ရှင်ပြုမင်္ဂလာပွဲအတွက် ဆုတောင်းစာရေးပေးရန်ဖြစ်သည်။ ထိုလူငယ်သည် အကြီးတော်ဦးမှိုအား အထင်သေးဟန်ဖြင့် –
“ပွဲစားကြီးလွှတ်လို့ ရောက်လာတာ၊ ပွဲစားကြီးက သူ့ရှင်မင်္ဂလာပွဲအတွက် အကောင်းတကာ့ အကောင်းဆုံး သေသေချာချာဖြစ်အောင်ရေးပေးပါတဲ့၊ အဲဒီအတွက် ငွေ ၃၀လည်း ပေးလိုက်တယ်” ဟု အမှုအရာမလေးခန့်၊ အမိန့်သံဖြင့်ဆိုသည်။ သည်တော့ အကြီးတော်က ခပ်ပြတ်ပြတ် –
“ဟေ့သူငယ်…မင်းရဲ့ပွဲစားကြီးကို ပြောလိုက်၊ ငါမအားဘူး၊ မရေးနိုင်ဘူးလို့၊ ငွေကို ပြန်ယူသွား”
လူငယ်ကလည်း ခေါင်းတဆတ်ဆတ်ညွိတ်ကာ ပြန်သွားလေသည်။ အနားတွင် ရှိတဲ့ မှော်ပီဆရာသိန်းမှာ နားမလည်။ အဲဒီနောက်အကြီးတော်က သမီးဖြစ်သူကိုခေါ်၏။
“ဟဲ့…သမီး မယ်တင့် ၊ သည်ကိုလာစမ်း ။ အိမ်မှာဈေးသုံးဖို့အတွက် ဘယ်လောက်ကျန်သေးလဲ”
‘‘တစ်ကျပ် ခြောက်မူးလောက်ပဲ ကျန်တော့တယ် အဖေ”
ထို့နောက် အကြီးတော်က ဆရာသိန်းဘက်ကိုလှည့်ကာ “မင်းမြင်တဲ့အတိုင်းပဲ မောင်သိန်း၊ ပွဲစားကြီးရေးခိုင်းတဲ့စာကို ငါမရေးတတ်ဘဲ နေမလား၊ လက်တန်းတောင်ချရေးလို့ရသေးတယ်၊ သူပေးတဲ့ ငွေ ၃၀ ကိုယူလိုက်ရင် ငါအဆင်ပြေပြေ သုံးစွဲနိုင်ပြီမဟုတ်လား”
“ဒါပေမယ့် ကွယ် မင်းစဉ်းစားကြည့်စမ်း။ ငါ့ဆီလွှတ်လိုက်တာ သူတို့မရေးတတ်လို့ လွှတ်လိုက်ကြတာ။ အာဏာသံ၊ အမိန့်သံနဲ့ “ကောင်းကောင်းရေးပေးလိုက်ပါ” ဆိုတော့ စိတ်ထဲဖျင်းခနဲ ဖြစ်ပြီး ငါငြင်းလိုက်တာပဲ။ ငါ့အနေနဲ့ ငါ့စာကိုဖျင်းအောင် ရေးမှာတဲ့လား၊ သူနားမလည်လို့ မတတ်လို့ အကြီးတော်မင်းရေ၊ ရေစက်ချဆုတောင်းစာလေး မစပါ ဆိုရင် ငါကငြင်းမှာမဟုတ်ပါဘူး၊ ဂုဏ်ဓန ကြွယ်ဝသူဖြစ်လို့ အာဏာသံလေးနဲ့ လာပြောတာတော့ ငါကမခံချင်ဘူးဟေ့”
“မှတ်ထား ၊ ငါတို့မရှိတဲ့အခါ မင်းတို့လည်း ဆရာအခေါ်ခံရလိမ့်မယ်၊ ပညာရှိလုပ်မယ်ဆိုရင် အနှိပ်သည်နဲ့ မတူစေနဲ့၊ သူတို့မှာ ငွေရှိတာက တစ်မျိုး ၊ တို့မှာက ပါရမီအလျောက် ဆည်းပူးလာခဲ့ရတဲ့ ပါရမီဖြစ်တယ်။ ဒါကြောင့် ထမင်းကိစ္စ ဝမ်းရေးကိစ္စအတွက်ကြောင့်တော့ ဓနဂုဏ်ကြီးတဲ့သူအောက် ဒူးမတုပ်လေနဲ့၊ ကြပ်ကြပ်မှတ်ထား” ဟု မှော်ပီဆရာသိန်းအား ဆုံးမခဲ့လေသည်။
နောက်တစ်ရက်ကြာသော် ပွဲစားကြီးကိုယ်တိုင် ရောက်လာခဲ့ပြီး ပုဆိုးတစ်ထည်၊ ငွေ ၅၀ ကျပ်နှင့် ရိုသေစွာကန်တော့တောင်းပန်မှ အကြီးတော်ဦးမှိုလည်း ရေစက်ချစာကို ရေးပေးလိုက်လေတော့သည်။
--------------------------------------------------------------------------
ref : သိသင့်သိစရာ သမိုင်းဝင် ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း
creadit : ayesay
မြန်မာ့စွယ်စုံကျမ်း
creadit : ayesay