အာလူးလို လူလား၊ ကြက်ဥလို လူလား၊ ကော်ဖီစေ့လို လူလား? - Kharann Media

Breaking

အာလူးလို လူလား၊ ကြက်ဥလို လူလား၊ ကော်ဖီစေ့လို လူလား?

တစ်ခါတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သမီးဖြစ်သူက သူ့အဖေကို ဘဝနှင့်ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ရပုံတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရပုံတွေကို ငြီးတွားပါတယ်။ ပြသနာတစ်ခုကို ရင်ဆိုင်လို့ မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက အဆင်သင့်စောင့်ကြိုနေတဲ့ အကြောင်းတွေ၊ စိတ်ဒုက္ခတွေ အပြည့်ဖြစ်နေတဲ့ ဘဝကို ဘယ်လိုမှ ကျော်လွှားသွားနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းတွေကို စိတ်မသက်သာဖွယ်ဆိုရင်း ငိုကြွေးပါသတဲ့။ အဖေဖြစ်သူကတော့ ဘာစကားမှ မပြောဘဲ သမီးကိုလက်ဆွဲကာ မီးဖိုချောင်အတွင်းသို့ ခေါ်သွားပါတယ်။ ပြီးတော့ ..

သူက ပေါင်းအိုးသုံးလုံးကိုယူပြီး ရေအပြည့်ဖြည့်လိုက်တယ်။ နောက် အဲဒီ့ပေါင်းအိုးတွေကို မီးပြင်းပြင်းတောက်လောင်နေတဲ့ မီးဖိုပေါ်တင်လိုက်တယ်။ အိုးထဲကရေတွေ နည်းနည်းဆူချင်လာပြီ ဆိုတာနဲ့ အာလူးအစိမ်းရယ်၊ ကြက်ဥအစိမ်းရယ်၊ ကော်ဖီစေ့တွေရယ်ကို ယူပြီး အိုးတစ်ခုချင်းစီမှာ ထည့်လိုက်တယ်။ သမီးကတော့ အဖေ လုပ်နေတာတွေကို ဘာမှနားမလည်သလိုနဲ့ လုပ်သမျှကို ငေးစိုက်ကြည့်နေတာပေါ့။

တစ်အောင့်လောက်ကြာတော့ အဖေဖြစ်သူက အိုးထဲက အာလူးနဲ့ ကြက်ဥကို အသီးသီးထုတ်ပြီး ပန်းကန်ထဲထည့်လိုက်တယ်။ ကော်ဖီကိုတော့ အရည်ပျော်သွားပြီဖြစ်တဲ့အတွက် ခွက်ထဲထည့် လိုက်တာပေါ့။

ပြီးတော့မှ အဖေက ..

"ဘာမြင်လဲ သမီး?"

လို့မေးတော့ သမီးဖြစ်သူက မဆိုင်းမတွဘဲ

"အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီရယ် မြင်တာပေါ့ အဖေရယ်"

လို့ဖြေတယ်။ သမီးကတော့ စိတ်သိပ်မရှည်ချင်တော့ဘူးပေါ့။

"သေချာကြည့်ပါဦး သမီးရယ်"

လို့ အဖေကထပ်ပြောတော့ သမီးက အားလူးကို သေသေချာချာ ကိုင်ကြည့်တဲ့အခါ နူးညံ့နေတာ တွေ့ရတယ်။ ကြက်ဥကို ခွဲကြည့်တော့ ပြုတ်ပြီးသားကြက်ဥကို တွေ့ရတယ်။ ကော်ဖီကတော့
ကြိုပြီးသားပေါ့။ သမီးလည်း သိပ်နားမလည်သလို မျက်မှောင်ကြုတ်ရင်း

"ဘာကိုဆိုလိုတာလဲ အဖေ"

လို့ ပြန်မေးတယ်။ သမီးရဲ့အမေးစကားကို အဖေက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။

"အစိုင်အခဲတစ်ခု ပြောလို့ရတဲ့ အာလူးဟာ ရေနွေးနဲ့ တွေ့တဲ့အခါ နူးညံ့တဲ့အရာတစ်ခု ဖြစ်လာတယ်။ အရည်လို ပျော့လွန်းတဲ့ ကြက်ဥကျ ရေနွေးနဲ့တွေ့တဲ့အခါ မာကျောလာတယ်။ သိပ်ကို မာတယ်ထင်ရတဲ့ ကော်ဖီစေ့ကျ ရေနွေးနဲ့ ထိလိုက်ရုံနဲ့ လုံးဝကို အရည်ပျော်သွားတယ်"

"ဒီလိုပဲ သမီး.. လောကမှာလည်း လူတွေက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတဲ့အခါ အသွင်ပြောင်း သွားကြတယ်။ တချို့လူတွေက စိန်ခေါ်မှုတွေ၊ အတားအဆီးတွေကြောင့် ပိုပြီးမာကျောလာကြတယ်။ တချို့လူတွေကျ အခက်အခဲတွေကို လက်မြောက်အရှုံးပေး လိုက်ကြတယ်"

"သမီး အာလူးလို လူဖြစ်ချင်လား၊ ကြက်ဥလိုလူဖြစ်ချင်လား၊ ကော်ဖီလိုလူလား ဆိုတာကတော့ ကြုံလာရတဲ့ ပြသနာတွေအပေါ် သမီးရဲ့တုံပြန်မှုပေါ်ပဲ မူတည်တယ်"

အဖေဖြစ်သူရဲ့စကားအဆုံးမှာတော့ သမီးမှာ တစ်စုံတစ်ရာကို လေးလေးနက်နက် နားလည်သွားဟန် အပြည့်။ နောက် အခက်အခဲတွေကိုလည်း အတားအဆီးလို့ မမြင်တော့ဘဲ ကိုယ့်ကို တိုးတက်ပြောင်းလဲစေမယ့် အခွင့်အရေး၊ စိန်ခေါ်မှုလို့ မြင်လာပါတော့တယ်။ ဘဝမှာရှိတဲ့ စိန်ခေါ်မှုလှေကား ထစ်များကို ဖြတ်သန်းရင်း ပိုမိုမာကျောတဲ့စိတ်ဓါတ်ပိုင်ရှင်များဖြစ်ကာ တိုးတက်စေလိုကြောင်း ဆန္ဒပြု လိုက်ပါတယ်..

(Focus Youth E-magazine)
(ဘာသာပြန်)