နဖူးစာဆိုတာ ဘာလဲ - Kharann Media

Breaking

နဖူးစာဆိုတာ ဘာလဲ



သိဝိ မင်းကြီးဟာ ဥမ္မာဒန္ဒီကို မြင်တော့ ဣန္ဒြေမဆယ်နိုင်ဘဲ ဆင်ပေါ်က ပြုတ်ကျသတဲ့။ အင်းလေ သူမရှိတော့တာပဲ ကောင်းပါတယ်။ သူရှိနေပြီး ကျွန်တော့်ချစ်သူကို မြင်ရင် သူ ဆင်ပေါ်က ထပ်ပြုတ်ကျဦးမှာပါပဲ.... :P

ဟိုးရှေးရှေးတုန်းက…
အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေဟာ သူတို့ သားသမီးတွေ မွေးလာတာနဲ့ သူတို့သိကျွမ်းရင်နှီးတဲ့ မိတ်ဆွေတွေထဲက သားသမီးတွေနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူတတ်ကြသတဲ့။ ဒီတော့ သူတို့တွေ ဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့ပြီဆိုရင် သူတို့သားသမီးတွေရဲ့ နဖူးပေါ်မှာ သူတို့ သဘောတူထား တဲ့ သူတို့မိတ်ဆွေရဲ့ သားသမီး အမည်ကို ဆေးမှင်နဲ့ ရေးထားလိုက်ကြသတဲ့။
(ဥပမာ- ဝတ်မှုန်ရွှေရည် နဖူးမှာ ကိုဇော် လို့ ရေးပြီး၊ ကျွန်တော့်နဖူးမှာ ဝတ်မှုန်ရွှေရည် လို့ ရေးသလိုပေါ့လေ။ :D ဟဲဟဲ… ဥပမာ ပြောတာပါ)

ဒီလိုနဲ့ ဒီကောင်လေး ကောင်မလေးတွေဟာ ကြီးလာတော့ သူတို့နဖူးမှာရေးထားတဲ့သူနဲ့ အိမ်ထောင်ပြု ကြရသတဲ့။ ဒါပေမဲ့ နောင်အခါ ခေတ်ကာလအရ နေရာဒေသတွေ ရွေ့ပြောင်း ကြရတော့ နေရပ်ဒေသတွေဟာ တစ်နေရာထဲမှာ နေကြတာ မဟုတ်တော့ နဖူးမှာ နာမည်ရေးထားတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တွေ့ကြရဖို့ ကောင်လေး၊ ကောင်မလေးတွေဟာ နေရာအနှံ ရှာဖွေ လက်ထပ်ကြရသတဲ့။ ဒါကို နဖူးစာ ရွာလည်တယ်လို့ ခေါ်တယ်လေ။

နဖူးစာ ရွာလည်ပြီး နဖူးမှာ ကိုယ့်နာမည်ပါတဲ့ ချစ်သူကို တွေ့ကြရလို့ သူတို့ အိမ်ထောင်ပြုကြတဲ့အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို အမှတ်တရ နမ်းတတ်ကြသတဲ့။ ငါ့ချစ်သူကို ငါရှာတွေ့ပြီ ဆိုတဲ့သဘောနဲ့ လက်ထပ်တဲ့အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းတာဟာ ဒီနေ့အထိ အမှတ်တရ ဖြစ်နေဆဲပါ။

ဒီအချိန်မှာ ကိုယ့်သားသမီးကို ဘယ်မိတ်ဆွေ သားသမီးနဲ့မှ လက်ထပ်ဖို့ သဘောတူညီမှု မရတဲ့သူတွေဟာ သူတို့ရဲ့ သားသမီးတွေရဲ့ နဖူးမှာ ဘာနာမည်မှ ရေးမပေးနိုင်ကြဘူးတဲ့။ ဒီလိုပဲ သူတို့တွေဟာ အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်လာကြတယ်။

တချို့ကျတော့ နဖူးမှာ နာမည်တွေ အများကြီး ပါတတ်ကြတယ်။ သူတို့တွေက အိမ်ထောင်ဆက်တွေ များကြပြန်ရော။ သူတို့ကျတော့ ခြွင်းချက်ဆိုပါတော့လေ။

ဟော… ကျွန်တော် ဒီလိုပြောနေလို့ ငါ့နဖူးမှာ ဘာနာမည်ပါလဲဆိုပြီး အခုထပြီး မှန်ထဲမှာ ပြူးပြဲကြည့်ချင်နေပါသလား သူငယ်ချင်း။ ကြည့်သင့်ပါတယ်လေ။ ပြီးတော့ နာမည်တစ်ခုကို လည်း တွေ့အောင်ရှာကြည့်ပါဦး။ ဒီနာမည်ဟာ သူငယ်ချင်း ချစ်သူပါပဲ။ သူ့နဖူးလေးမှာလည်း ရှာကြည့်ပါ။ သူငယ်ချင်းနာမည်ကို တွေ့ရမှာပါ။ ပြီးရင် ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းဖို့ကိုလဲ မမေ့ပါနဲ့ဦး။

အင်း… ဒီလောက် ပြူးပြဲ ရှာနေတာတောင်မှ သူငယ်ချင်းနဖူးမှာ ဘာနာမည်မှ မတွေ့ဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ သူငယ်ချင်းဟာ အပျိုကြီး၊ လူပျိုကြီး ဖြစ်တော့မယ်။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ပါ။

အဲ… သူများကိုသာ ပြောနေတာ သတိရလို့ ကျွန်တော် ကိုယ့်ဖာသာကိုယ် နဖူးကို မှန်ထဲ ပြန်ကြည့်လိုက်တော့ နာမည်လေးတစ်ခု ကျွန်တော့်နဖူးမှာ တွေ့ရတယ်ဗျာ။ သေချာဖတ်ကြည့်လိုက်တော့ "------------" တဲ့။
(ဝတ်မှုန်ရွှေရည်တော့ မဟုတ်ပါဘူး။ ဒါက ဥပမာပါဗျာ)

(မှတ်ချက်။ ။ ဟိန္ဒူကျမ်းမှ အချက်အလက်တချို့ကို ဆင့်ပွား ရေးထားတာပါ။)
__________________________________________
May 8.2016| http://www.mymemo.cf/2016/05/post416.html Credit: ကိုဇော်