စွန့်ဦးလုပ်ငန်းရှင်အများစုမှာ ထူးထူးခြားခြားစီးပွားရေးစိတ်ကူးတွေ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ကနဦးရင်းနှီးမတည်ငွေမရှိတဲ့အတွက် စိတ်ကူးကို အကောင်အထည်ပေါ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိတတ်ကြပါဘူး။ ဒါပေမယ့် စိတ်ကူးကောင်းရှိပြီး ငွေမရှိဘူးဆိုတိုင်းလည်း သင့်ကို ရပ်တန့်မသွားစေဖို့အတွက် စီးပွားရေးလုပ်ဆောင်ဖို့ စိတ်ကူးကောင်းတစ်ခုကို အရင်းအနှီးအနည်းငယ်နဲ့ စတင်တည်ထောင်လုပ်ဆောင်နိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။
၁. သင်ကျွမ်းကျင်တဲ့နယ်ပယ်မှာပဲ စီးပွားရေးလုပ်ဆောင်ပါ။
မရင်းနှီးမကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့်အစား သင့်အရည်အချင်း၊ အသိပညာတွေနဲ့ ကိုက်ညီမှုရှိတဲ့နယ်ပယ်တစ်ခုကိုပဲ ရွေးချယ်သင့်ပါတယ်။ စီးပွားရေး လုပ်တဲ့အခါမှာ ပြင်ပအရင်းအမြစ်တွေကို အသုံးချရတာနည်းလေလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား နယ်ပယ်မှာပဲ စီးပွားရေးလုပ်ဆောင်တဲ့အခါမှာ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်သူတွေ ငှားရမ်းရမယ့် စရိတ်စကတွေ သက်သာသွားမှာ ဖြစ်ပါတယ်။
၂. သင် ဘာလုပ်မလဲဆိုတာကို လူတိုင်းကို ပြောပြပါ။
သင့်ရဲ့မိသားစု၊ အသိမိတ်ဆွေ၊ အဆက်အသွယ်တွေနဲ့ အရင်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အားလုံးကို သင့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အသိပေးပြောပြပါ။ လိုအပ်ရင် ဖုန်းဆက်ပါ၊ အီးမေးလ်တွေပို့ပါ။ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သင့်လုပ်ငန်းအကြောင်း လူသိအောင်ကြိုးစား လုပ်ဆောင်ပါ။ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ သင့်လုပ်ငန်းအကြောင်း အခြားသူတွေကို ထပ်ဆင့်အသိပေးနိုင်သလို စီးပွားရေး အဆက်အသွယ်တွေကလည်း သင့်လုပ်ငန်းကို ဆက်သွယ်ကူညီပေးနိုင်ပါတယ်။
၃. မလိုအပ်တဲ့ အသုံးစရိတ်များကို ရှောင်ကြဉ်ပါ။
လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်ရာမှာ အသုံးစရိတ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် တချို့တွေ ကို ရှောင်ရှားလို့ရနိုင်ပါတယ်။ အလွန်အကျွံမသုံးမိအောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင် business card လုပ်တဲ့အခါမှာ အသားကောင်းကောင်း၊ ဒီဇိုင်းကောင်းကောင်းနဲ့ လုပ်ရင် ပိုကောင်းတာ မှန်ပေမယ့် သမားရိုးကျကဒ်ကို လုပ်တာက ပိုပြီးအကုန်အကျသက်သာသလို အသုံးလည်းတည့်မှာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်ချိန်မှာ ငွေကြေးကို ချိုးခြံချွေတာတတ်တာက လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုကို ကွဲပြားခြားနားသွားစေနိုင်ပါတယ်။
၄. အကြွေးဝယ်ကဒ် အကြွေးတွေနဲ့ နစ်မြုပ်မနေပါစေနဲ့။
လုပ်ငန်းစတင်ထူထောင်ချိန်မှာ အကြွေးဝယ်ကဒ်တွေကို အသုံးပြုတာက ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ အကြွေးဝယ်ကဒ်ကို သုံးပြီး ကွန်ပျူတာအသစ်တွေ၊ ရုံးသုံးပရိဘောဂတွေ စသဖြင့် လိုအပ်တာတွေကို ဝယ်ယူလိုက်လို့ ရပေမယ့် သင့်လုပ်ငန်းရဲ့အကျိုးအမြတ်တွေကို အကြွေးဆပ်ဖို့ ချည်းပဲ သုံးနေရတာကတော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အကြွေးသံသရာထဲမှာ နစ်မြောမနေဘဲ ရုန်းထွက်နိုင်ခြင်းက အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့ အခွင့်အရေးရစေမှာဖြစ်ပါတယ်။
၅. ငွေလက်ခံမှုပေါ်လစီကြောင့် ဒုက္ခမရောက်ပါစေနဲ့။
သင့်လုပ်ငန်းက လက်ငင်းပေး လက်ငင်းယူစနစ်နဲ့ လုပ်ဆောင်တာဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဝန်ဆောင်မှုလုပ်ငန်းတွေလို အလုပ်ပြီးမှ ထိုက်သင့်ငွေ လက်ခံရတာမျိုး ဆိုရင်တော့ ငွေ လက်ခံမှုပေါ်လစီကောင်း တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။ စားသုံးသူတွေဖက်က အဆင်ပြေနိုင် မယ့် ပေါ်လစီမျိုးထက် သင့်အတွက် အဆင်ပြေမယ့် ပေါ်လစီမျိုး ချမှတ်လုပ်ဆောင်ပါ။
၆. လုပ်ငန်းကို သေချာတည်ဆောက်ပါ။
သင်လုပ်ငန်းဖြစ်ထွန်းအောင်မြင်ဖို့အတွက် အချိန်ရှိသမျှအလုပ်လုပ်ပြီး ကိစ္စတိုင်းကို ဂရုတစိုက်ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ နေ့ပေါင်းများစွာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ဆောင်ရတာက သင့်လုပ်ငန်း အမှတ်တံဆိပ်ကို တည်ဆောက်နေတာဖြစ်ပြီး လုပ်ငန်းရဲ့တန်ဖိုးကို မြင့်တက်လာစေဖို့ပဲဖြစ်ပါတယ်။ ဒီတန်ဖိုးတွေကို လုပ်ငန်းတစိတ်တပိုင်းကို ရောင်းချတဲ့အခါမှာ ဒါမှမဟုတ် တွဲဖက်တစ်ယောက်ကို လက်ခံတဲ့အခါမှ သိမြင်လာမှာဖြစ်ပါတယ်။
၇. အခမဲ့ကြော်ငြာနဲ့ ဈေးကွက်ရှာဖွေရေးတွေကို အသုံးချပါ။
သင့်လုပ်ငန်းလူသိများ ကျော်ကြားလာဖို့အတွက် ငွေကုန်ကြေးကျမရှိသလောက် နည်းပါးတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အလားအလာရှိတဲ့ စားသုံးသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မီဒီယာတွေမှာလည်း သင့်လုပ်ငန်းအကြောင်းကို လူသိများအောင် လုပ်ဆောင်လို့ ရပါတယ်။
၈. ကြံကြံခံနိုင်ဖို့ အဆင်သင့်ပြင်ထားပါ။
အလုပ်ကြိုးစားဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုကို အရင်းအနှီးအနည်းငယ်နဲ့ စတင်ထူထောင်ရာမှာ သင်လုပ်သမျှအရာအားလုံးက လုပ်ငန်းအောင်မြင်ဖို့ပဲ ဖြစ်နေရမှာပါ။ လုပ်ငန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ သင့်ရဲ့အချိန်နဲ့ ခွန်အားတွေ အများကြီးကို ရင်းနှီးမြုပ်နှံထားရမှာ ဖြစ်ပါတယ်။
အရင်းအနှီးမရှိဘူးဆိုတာကြောင့် သင့်ရဲ့စိတ်ကူးကောင်းကို အကောင်အထည်ဖော်ဖို့ နောက်တွန့် မသွားပါစေနဲ့။ ခက်ခဲတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုပေမယ့်လည်း ဒီအချက်တွေအားလုံးက စွန့်ဦး လုပ်ငန်းရှင်တစ်ယောက်အတွက် မဖြစ်မနေကြုံတွေ့ရမယ့် အရာတွေပဲဖြစ်ပါတယ်။
__________________________________________
May 21.2016 | http://www.mymemo.cf/2016/05/post428.html source : gentleman