လူတိုင်းလူတိုင်းဟာ မနက်မိုးလင်းလာတာနဲ့ မင်္ဂလာရှိတဲ့နေ့ကလေးတစ်နေ့ ဖြစ်လာဖို့ အလိုရှိကြမှာ အမှန်ပါပဲ။ အိမ်တွင်းရေး ဆူပူမှုမရှိစေဘဲ သာယာစေဖို့ အတွက် အောက်ပါအချက်လေးတွေကို ဖော်ပြပေး လိုက်ပါတယ်.....
ဘုရားပန်းကို အညှိုးမခံပါနဲ့..၊ သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့.. ဂါထာတွေ မန္တာန်တွေ ပါးစပ်က အမြုပ်ထွက်အောင် ရွတ်နေစရာမလိုပါဘူး.. ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်…သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်..
အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင်.. မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေလဲပြီး ကပ်နိုင်ရင် ပိုကောင်းပါတယ်.. အဲဒီလောက်ကြီးအထိမလဲနိုင်ဘူးဆိုရင်တောင်မှ မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..
ငါအလုပ်များတယ် အိမ်မှာလည်းနေရတာ နည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့.. ဘယ်နေရာမှာမဆို မိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်” လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်.. ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး.. ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ။
သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..။ ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်။ သရဏဂုံရွတ်နေတဲ့ အချိန်ကို မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်။ ရွတ်ပြီးသွားပြီဆိုတော့မှ “အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား” လို့စွန့်ပြီး စားပါတယ်။
ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်.. တချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ် ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး..။ တကယ်တော့ ဒီစကားဟာ သထုံဘုရင် မနုဟာမင်းကို အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..
မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းက အရောင်ဝင်းဝင်း တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။ သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို စားမိသည့် အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်။ ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျ စားခြင်းကြောင့် မဟုတ်ပါ။ လောကီအစီအမံကြောင့်သော်လည်းကောင်း၊ ထည့်ကျွေးသည့် မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..
နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေ ဘုရားရှင်အတွက် ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့် လူကြီးမိဘတွေက မစားဝံ့အောင် ခြောက်လှန့် တားမြစ်ထားခြင်းကြောင့် ဆွမ်းစွန့် ပြီးလည်း မစားဝံ့ မစားရဲဖြစ်သွားကြတာပါ..။
ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင် သပိတ်အတိုင်း ဘုရားရှင်ကို ဆပ်ကပ်ပြီးမှ သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..။ ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်.. ဘုန်းနိမ့်တယ်လို့ ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာ နာဖူး ဖတ်ဖူးပါတယ်..။
ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ စွန့်ပြီးစားတာဟာ ကောင်းမကောင်း သင့်မသင့် ဆိုတာကို မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..
__________________________________________
April 3.2016 | http://www.mymemo.cf/2016/04/post393.html written by : ohmar shin | credit to : shweproperty
