ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ - Kharann Media

Breaking

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ


လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥတုပေါ်မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်/အကျ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ ကိုယ်တွင်း အပူများတာ ကို ဆေးပညာလောကမှာ “heat stress” လို့ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွား တာမျိုးမရှိတတ်ပါဘူး။ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ်ခမ်းတွေ သာမက အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက် ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါပျက်စီးစေနိုင်ပါတယ်။

ရေခဲရေများ၊ ရေနွေး-စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲအချိန်အကြာကြီးသွားလာခြင်း၊ ငရုပ်သီး-ဂျင်း-မျှစ်ချဉ်-ငရုပ်ကောင်း-ပတဲကောစတဲ့ ပူပူလောင်လောင်အစပ်တွေစားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေဖို့ အတွက် အဓိက ဆေးကတော့ ရေ၀၀သောက်၍ တစ်နေ့ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါပဲ။

 (မိုးရာသီမှလွဲ၍ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ်စားသုံးသင့်ပါတယ်)

ဖရဲသီး
လူ့ခန္ဓာကိုယ်ရဲ့ ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော်ပါရှိတာကြောင့်အပူငြိမ်းအေးစေတဲ့အကောင်းဆုံးသီးနှံဖြစ်ပါတယ်။

သခွားသီး
သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ်စားပေးသင့်ပါတယ်။

ပူစီနံရွက်
ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ်ဆေးဝါးဖော်စပ် လာခဲ့ကြပါတယ်။

မုန်လာဥအဖြူ
အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူ တွေကို စားဖြစ်အောင်စားပေးပါ။

နှမ်း
နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုး ဖြစ်တာကြောင့် နှမ်းစားရင်း ရေ များများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေး ပါတယ်)

စမုံစပါး
စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တစ်ညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာထတဲ့ အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။

အုန်းစိမ်းရေ
အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်း အပူငြိမ်းစေတဲ့ ဆေးကောင်းတစ်လက် ဖြစ်တာမို့၊ ကိုယ်တွင်းအပူူဓာတ်များသူတွေနဲ့ကိုယ်ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

သလဲသီး
သလဲသီးနဲ့ သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့အလိုလို စုပ်ယူ ပစ်တာမို့နေ့စဉ်စားသုံးသင့်တဲ့သီးနှံတစ်ခုပါဘဲ။

ဘိန်းစေ့
ဥပမာ ဘိန်းမုန့်၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့်တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေးတွေကလည်း ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ်ယာဝင်ခါနီး ဘိန်းစေ့ လက်တစ်ဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှိပ်ခြိုက်စွာ အိပ်မောကျစေတဲ့ အပြင်နောက်တစ်နေ့ တာလုံး အပူငြိမ်းအေးစေပါတယ်။

ပဲနံ့သာပင်အစေ့
ရှေးရှေးကစလို့ ယနေ့ထိတိုင် အိန္ဒိယနိုင်ငံမှာအပူငြိမ်းဆေး တိုင်းရင်းကုထုံးဖြင့် ပဲနံ့သာပင် အစေ့တွေကို အသုံးပြုလျက်ရှိပါတယ်။ (ပဲနံ့သာပင်အစေ့လေးတွေကို အိန္ဒိယပရဆေးဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်)

နွားနို့
ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီးနွားနို့ကို အအေးခံ၍ နံနက်တိုင်းသောက်ပေးပါ။ (သို့မဟုတ်) နွားနို့ ကို ပျားရည်အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ 
(***ရေခဲဖြင့် အအေးခံထားတဲ့ နို့အေးမျိုးကိုမဆိုလိုပါ)

သံပုရာသီး
နံက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းအေးစေရုံမျှမက၊ နေရ ထိုင်ရတာ ပေါ့ပါး လန်းဆန်းလာပြီး တစ်နေကုန်သက်လုံကောင်းစေပါတယ်။
__________________________________________
Apr 17.2016 | http://www.mymemo.cf/2016/04/post402.html ပေါက်ပေါက်