အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေအပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထား တတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ ယုံကြည်ထားတဲ့အိမ်ထဲမှာ လူတိုင်းလိုလို သတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့ အတွက် မျှဝေပေးချင်ပါတယ်။
မှို - နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊ မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့ ခြေထောက်တွေနဲ့ ပြူတင်းပေါက်၊ တံခါးပေါက်၊ ရေထုတ်ပိုက်၊ ရေချိုးခန်းတို့မှာ မှိုတွေရှိနေတတ်ပါတယ်။ မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာ ကစလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။
ခဲ - ခဲပါတဲ့အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ ကလေး ကစား စရာတွေပေါ် ကျကုန်ရင် လက်ကနေတစ်ဆင့် ခဲမှုန်တွေ ပါးစပ်ထဲဝင်နိုင်ပါတယ်။ ခဲဆိပ် သင့်ရင် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအတွက် အခက်အခဲဖြစ်စေခြင်း၊ ကလေးများ ကြီးထွားမှုနှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။
သန့်ရှင်းရေးပစ္စည်းများ - ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေး ပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီး အဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာဆေးကြော သန့်စင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအဆိပ်အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည်ခေါင်းကိုက် ခြင်း၊ ဦးနှောက်၊ အသည်းနဲ့ကျောက်ကပ်ကိုပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေဖြစ်နိုင်လို့ပါ။
ကော်ဇော - ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေးမလုပ်ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံ ကပ်ငြိနေတာကြောင့် အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက် ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။
လေသန့်ဖြန်းဆေး - အဆိပ်အတောက်ဖြစ်စေတဲ့ပါဝင်ပစ္စည်း အချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ် တွင်အနာဖြစ်ခြင်း၊ ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်းတို့အပြင် ကင်ဆာအထိပါဖြစ်နိုင်တာကြောင့် စနစ်တကျ သုံးစွဲဖို့လိုအပ်ပါတယ်။
ကလေးနို့ဘူး - ရောဂါပိုးအများဆုံးကပ်ငြိနိုင်တာက ကလေးနို့ ဘူးတွေဖြစ်ပြီး နို့ဘူးတွေဆေးကြောတဲ့အခါ အရမ်းအပူပေးပြီး ခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကိုရောသွား တတ်တာကြောင့် သတိချပ်သင့်ပါတယ်။
ပရုတ်လုံး - အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊ အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေမလာအောင်ထားတတ်ကြပါတယ်။ ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အ တောက်တွေ အရေပြားတို့၊ မျက်လုံးထဲတို့ ဝင်တဲ့ အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါဖြစ်နိုင်ပါတယ်။
အလှကုန်များ - ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊ အလှကုန်တွေကို ဆက်မသုံးသင့် ပါဘူး။ ယားယံတာ၊ ဓာတ်မတည့်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။
အပူခံမကပ်ဒယ်အိုး - အပူခံပြီး မကပ်တဲ့ ပလတ်စတစ် တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့ လူသုံးများ မီးဖိုချောင်သုံး ပစ္စည်းတွေကို ထာဝရမသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါ တယ်။ ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလိုချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေပေး နိုင်လို့ပါ။
__________________________________________
Apr 13.2016 | http://www.mymemo.cf/2016/04/post400.html source : 7daydaily