ပြင်ပမှာ တကယ်အသံမရှိဘဲ နားထဲမှာ အသံမြည်နေရခြင်းကို နားအူခြင်းလို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်း ခေါ်ကြပါတယ်။
လူရဲ့နားမှာ အပြင်နား၊ အလယ်နား၊ အတွင်းနားရယ်လို့ရှိရာမှာ အဲဒီနေရာ တစ်ခုခုမှာ ရောဂါတစ်ခုခုရှိပြီး။ အသံထွက်လာတာကို လူနာအနေနဲ့ ကြားရခြင်းဖြစ်ပါတယ်။ အပြင်မှာတော့ တကယ့်အသံ မရှိပါဘူး။ နားထဲမှာ ပိုးကောင်ဝင်ခြင်း၊ နားထဲမှာ နားဖာချေးများခြင်း၊ အပြင်နား ရောင်ရင်လည်း အသံကြား ရတတ်ပါတယ်။ နားရဲ့ နှာခေါင်းဆက်တဲ့ပြွန် ပိတ်ပြီး အလယ်နားထဲမှာ အရည်တွေ စုရင်လည်း နားအူ တတ်ပါတယ်။ အဲသလို နားအူရင် တစ်ဖက်စောင်းလိုက်ရင် အသံမြည်တတ်ပါတယ်။ တံတွေးမျိုရင်လည်း ဖလပ်၊ ဖလပ် မြည်တတ်ပါတယ်။ Menure’s Disease ရောဂါမှာလည်း နားအူတတ်ပါတယ်။ အတွင်းနား ရေတိမ်လို့လည်း ခေါ်ပါတယ်။ အတွင်းနားအထဲရှိ အရည်အိတ် (Endolymphatic Sac) မှာ အရည်တွေ ပိုများလာပြီး နားအကြားအာရုံခံ ကလာပ်စည်းများ ဖိမိပြီး နားအူခြင်း ဖြစ်ပါတယ်။ မူးပြီးတော့လည်း အန်တတ်ပါတယ်။ နားအာရုံကြောမှာ အလုံး၊ အဖု၊ အကျိတ်ဖြစ်ရင်လည်း နားတစ်ဖက်တည်း နားအူ၊ နားလေးခြင်း ဖြစ်တတ်ပါတယ်။ အဲဒီအဖုက အနီးအနားမှာရှိတဲ့ အာရုံကြောတွေကိုပါ ဖိတဲ့အတွက် မျက်နှာတစ်ခြမ်း လေဖြတ်သလို ပါးရွဲ့သွားခြင်း၊ ဖြစ်တဲ့ဘက် မျက်လုံး ပိတ်မရခြင်း စသည်တို့လည်း တွဲပြီးဖြစ်တတ်ပါတယ်။
တချို့မှာတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့်လည်း နားအူတာမျိုး ဖြစ်နိုင်ပါတယ်။ အချို့သော ဆေးဝါးများကြောင့်လည်း နားအူနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ အာရုံကြောအားနည်းပြီး နားအူတတ်ပါတယ်။ နားအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးဝါးများ စားရင်လည်း နားအူ တတ်ပါ တယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဆူညံသံကြောင့် နားအူတတ်ပါတယ်။ ဖြစ်ပွားပုံ ရာဇဝင် မေးခြင်း၊ နားစည်ကို ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ရပါမယ်။ နားစည်ပေါက်နေသလား၊ နားဖာချေး ကလော်ထုတ်ရင်းနဲ့ (နားကျပ်ရင်းနဲ့) ကြက်တောင်မွေးလေးတွေ ကျန်နေရစ်ပြီး နားအူတာလည်း ဖြစ်တတ်ပါတယ်။
အဏုကြည့် မှန်ပြောင်းနှင့်လည်း ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် အပြင်နား၊ အလယ်နား တို့ကို စစ်ဆေးနိုင်ပါတယ်။ နားစည်ရဲ့ အတွင်းဘက်မှာ ဖိအားများနေသလား၊ နည်းနေသလားဆိုတာ မီတာနဲ့ တိုင်းကြည့်ရပါတယ်။ နားအူခြင်း အကြောင်းရင်းကို လိုက်ပြီး ကုသပေးရပါတယ်။ နားရော ဂါတွေကြောင့် ဖြစ်တာတွေကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်က လိုအပ်သလို ကုသမှုပေးပါတယ်။ ကြက်မွေးဝင်နေသောကြောင့် နားအူတာဆိုရင် သန့်ရှင်းရေး လုပ်ပေးရပါတယ်။ Meniere’s Discease ရောဂါကြောင့်ဆိုရင် အတွင်းနား ဖိအားလျော့ သွားအောင် ဆေးစားခြင်း၊ ဆေးထိုးခြင်းဖြင့် ကုသနိုင်ပါတယ်။ နိုင်ငံခြားမှာတော့ (Surgical Decompression) လုပ်ပေးနိုင်ပါတယ်။ နားအတွင်း အာရုံကြောမှာ အဖုအလုံးဖြစ်နေတယ်ဆိုရင်လည်း လိုအပ်သလို ခွဲစိတ်ကုသမှု ပေးရပါတယ်။
နာတာရှည် နားအူတာမျိုးတွင် နားအူနေတဲ့အသံကို ဖုံးကွယ်သွားအောင် သူနဲ့တူတဲ့ အသံတစ်ခု ပေးလိုက်ရင် (Tinnitus Masking) နားအူတာ ပျောက်သွားပါတယ်။ တစ်နာရီ၊ နှစ်နာရီလောက် အသံပေးလိုက်ရင် နားအူတာ တဖြည်းဖြည်း ပျောက်သွားပါတယ်။ ဒါပေမယ့် ကြာရင် ပြန်ပြီး နားအူလာတတ်ပါတယ်။ တချို့လူနာတွေကျတော့ နားကြပ်တပ်ပေးခြင်းအားဖြင့် နားအူ ပျောက်သွားနိုင်ပါတယ်။ နားအူရင် ကိုယ့်ဘာသာ ကိုယ် ဆေးမြီးတိုတွေ သောက်နေမယ့်အစား နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (သို့) ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်တွေ (သို့) စိတ်အထူးကု ဆရာဝန်တွေနဲ့ ပြသပြီးသေချာစွာ ကုသသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ် နားကျပ်ခြင်း
မလုပ်သင့်ပါ။ နားစည်ပေါက်သွားခြင်း၊ နားပိုးဝင်ရောက်၍ရောင်ရမ်းခြင်းများ ဖြစ်သွားနိုင်ပါတယ်။
__________________________________________
Apr 29.2016 | http://www.mymemo.cf/2016/04/post411.html