နှစ်စဉ်ကျင်းပမြဲ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင် ဘုရားပွဲတော်သို့ နွားလှည်းယာဉ်များ ထောင်နှင့်ချီ လာရောက်ဆင်နွှဲ - Kharann Media

Breaking

နှစ်စဉ်ကျင်းပမြဲ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင် ဘုရားပွဲတော်သို့ နွားလှည်းယာဉ်များ ထောင်နှင့်ချီ လာရောက်ဆင်နွှဲ


နှစ်စဉ်ကျင်းပမြဲ မြေလတ် လှည်းဝိုင်းပွဲဟု နာမည်ကြီးလှသည့် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေနတ်တောင် ဘုရားပွဲတော်သို့ နွားလှည်းယာဉ်ထောင်ချီ လာရောက် ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ဘုရားပွဲတော်ကို တပေါင်းလဆန်း ၈ရက်မှ လပြည့်နေ့အထိ ကျင်းပလျက်ရှိပြီး နှစ်ပေါင်းများစွာမှ အစဉ်အလာတစ်ခုဖြစ်သည့် အနီးနားကျေးရွာပေါင်းများစွာမှ နွားလှည်းများဖြင့် လာရောက် လည်ပတ်သည့် ရိုးရာဓလေ့မှာ ကွယ်ပျောက်ခြင်း မရှိသေးဘဲ ယခုနှစ်တိုင်အောင်ပင် လှည်းအစီးရေ ထောင်ချီကာ လာရောက် ဆင်နွှဲနေခြင်း ဖြစ်သည်။


“လာတာကတော့ အနီးနားမှာရှိတဲ့ ရွာတွေအားလုံးလိုလိုကကို လာကြတာပဲ။ တချို့က လေးငါးရက်နေ တယ်။ တချို့ကတော့ ရက်ကြီးနှစ်ရက်လောက်ပဲ နေကြတယ်။ တစ်ရွာ တစ်ရွာကို လာကြရင် လှည်းအစီး တစ်ရာ တစ်ပတ်လည်လောက်ကို လာကြတာ။ ကျွန်တော်တို့ရွာကလည်း အစီးနှစ်ရာနီးပါး ရှိတယ်။ လာရတာကလည်း နံနက်ခင်းထွက်ရင် ဒီကိုညနေလောက်မှရောက်တာ စိုက်ပျိုးရေးသုံး ပစ္စည်းတွေနဲ့ မီးဖိုချောင် ပစ္စည်းလေးတွေ လူအသုံးဆောင်လေးတွေ ဝယ်ပြီး ပြန်ကြတာပဲ။ ဒီအချိန်ရောက်ရင် ကလေးတွေကလည်း တရွရွဖြစ်နေတာ လိုက်ပို့ဖို့ ပူဆာကြတယ်လေ” ဟု လေးမိုင်ခန့်ခရီးမှ လာရောက် လည်ပတ်သည့် လှည်းဝိုင်းတစ်ခုဖြစ်သည့် သရက်သုံးပင် ကျေးရွာသား တစ်ဦးက ဆိုသည်။


ရွှေနတ်တောင် ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်မှာ ယခုနှစ်တွင် ၁၇၈ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ကာ စေတီတော်၏ မြောက်ဘက်စောင်းတန်းမှစ၍ မယားမာန်ကျေးရွာ အရှေ့ဘက် လယ်ကွင်းများ အထိ ဆောက်လုပ်ထားသော ဆိုင်ခန်း ၇၀၀ ခန့်အတွင်း လယ်ယာသွင်းအားစု ပစ္စည်းကရိယာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အလှကုန်မှအစ ကလေးကစားစရာ အစားအသောက် ဆိုင်များဖြင့် ပြည့်နှက်နေပြီး နွားအလှပြိုင်ပွဲကို ပြန်လည် ထည့်သွင်း ကျင်းပလာသည် မှာလည်း ၂ နှစ်ရှိပြီ ဖြစ်ကာ လှည်းဝိုင်းများမှာ အနီးနား လယ်ကွက်၊ ဘုန်းကြီးကျောင်းများကြားတွင် နေထိုင်ကြကြောင်း သိရသည်။


လှည်းယာဉ်များဖြင့် လာရောက် လည်ပတ်လေ့ရှိသည့် မြန်မာနိုင်ငံ၏ ဘုရားပွဲတော်များအနက် လှည်းယာဉ် အများဆုံး လာရောက် လည်ပတ်သည့် ပွဲတော်တစ်ခုလည်းဖြစ်ကာ အနီးနားကျေးရွာပေါင်း ၃၂ ရွာခန့်မှ လှည်းယာဉ်များ လာရောက်ဆင်နွှဲကြောင်း သိရသည်။
__________________________________________
ဝေလင်း (ပြည်) | credit : eleven 
Mar 23.2016 |  http://www.mymemo.cf/2016/03/post376.html