မြန်မာ့ရိုးရာ တပေါင်းပွဲတော် - Kharann Media

Breaking

မြန်မာ့ရိုးရာ တပေါင်းပွဲတော်


သာသည်ညင်းညင်း
မြောက်လေကြွင်းနှင့်
ဆီးနှင်းမကုန်
ပူဟုန်မသည်း
ပျံ့ပျံ့ဖြည်းသား . . .
                ရှင်အုန်းညို (အင်းဝစာဆိုကျော်)

“တပေါင်း” အသံကို ကြားတော့ အင်းဝခေတ်စာဆိုကျော် ရှင်အုံးညိုကို သတိရမိတယ်။ တပေါင်းရဲ့ သဘာဝရာသီကို လှပစွာဖွဲ့သီခဲ့တဲ့ ရှင်အုန်းညိုရဲ့ ကဗျာစာသားများက ယနေ့တိုင် ခေတ် မကုန်နိုင်ဘဲ၊ ရှင်သန်နေဆဲပါ။

ရာသီနှစ်ခုပေါင်းဆုံပြီး ဖြစ်တည်ထားတဲ့ တပေါင်းလရဲ့ပထမပိုင်း(၁၅)ရက်မှာ ဆောင်းရဲ့နောက်ဆုံးနေ့ရက် များဖြစ်ပြီး ဒုတိယပိုင်း(၁၅)ရက်ဟာ နွေကြိုရက်များပင် ဖြစ်ပါတယ်။ ဆောင်းအကုန် နွေအကူး ထူးခြားတဲ့ရာသီ သဘာဝတစ်ခုပင် ဖြစ်ပါတယ်။ တပေါင်းရဲ့ နေ့ခင်းပိုင်းရာသီဟာ အတန်အသင့် ပူသော်လည်း ညပိုင်းမှာ မြောက်ပြန် လေညင်းလို့ ဆောင်းကြွင်းလက်ကျန် ငွေနှင်းတို့ ကျနေတတ် ပြန်တယ်။ မပူလွန်း မအေးလွန်းသည်မို့ သာယာလှပ မျှတပြီး အလွန်နေထိုင်၍ ကောင်းတဲ့ ရာသီပင် ဖြစ်ပါတယ်။

ပူပန်ခြင်းကောင်းသောလ၊ ပူသောနွေရာသီသို့ ကျရောက်သောလ၊ ထန်းချက်လ၊ ထန်းရည်ကို ကျို၍ ထန်းလျက်ချက်သောလ စတဲ့ အဓိပ္ပါယ်ဆိုလိုချက်များမှ တပေါင်းဆိုတဲ့ ဝေါဟာရထွက်ပေါ်လာခဲ့ကြောင်း ပညာရှင်များက ဆိုထားပါတယ်။ တ=ထန်း+ပေါင်း=ချက်သောလ၊ တပေါင်း=ထန်းချက်လဟု ဆိုလိုကြ ပါတယ်။

တပေါင်းလရဲ့ ထင်းရှားသောပွဲတော်များမှာ သဲပုံစေတီပွဲနဲ့ တပေါင်းပွဲပင် ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော် ဟာ ဗုဒ္ဓသာသနာနဲ့အတူ ပေါ်ထွန်းခဲ့သောပွဲတော်လို့ ယူဆနိုင်ပါတယ်။ ပုဂံခေတ်အခါက အနော်ရထာ မင်းကြီးဟာ ဧရာဝတီမြစ်ကမ်း သဲသောင်ခုံပေါ်မှာ သဲပုံစေတီပွဲကို ပူဇော် ကျင်းပလေ့ ရှိပါ တယ်။ ရွှေစည်းခုံစေတီမှာ ထင်ရှားသော သာဓက တစ်ရပ်ပင် ဖြစ်ပါတယ်။ စည်းခုံ=စဲခုံ=သဲခုံ ဟု သ နဲ့ စ အက္ခရာများကို အပြောင်းအလဲလုပ်လိုက်လျှင် ရွှေစည်းခုံစေတီတော်ရဲ့ မူရင်းသမိုင်းအစနဲ့ ပုဂံခေတ် သဲပုံစေတီပွဲ အကြောင်းကို မြင်နေရပါတယ်။

တပေါင်းလတွင် မြစ်၊ ချောင်းများ၌် ရေကျသွားသဖြင့် သဲသောင်ခုံများ ပေါ်လာလေ့ရှိပါတယ်။ သဲပေါများသော ထိုလတွင် ကောက်ပဲသီးနှံ၊ စပါးဆန်သိမ်း၍ ငွေစရွှင်နေတဲ့ တိုင်းသူပြည်သားများဟာ စုပေါင်း၍ သဲပုံစေတီပွဲတော်ကို ကျင်းပကြပါတယ်။ အလှူဒါနနဲ့ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ပြုလုပ်ကြ ပါတယ်။

ဝါးဖြင့်ပြုလုပ်ထားသော ရိုင်ပတ် အဝန်းအဝိုင်းအတွင်းသို့ သဲများကိုသွန်းလောင်းကာ သဲပုံစေတီကို တည်ထား ကိုးကွယ်ကြပါတယ်။ ပထမအဆင့် (အရစ်) ပြီးတဲ့အခါ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်များကို ဆက်လက် တည်ဆောက်ကြပါတယ်။ မြင်းမိုရ်တောင်ရှိ အာလိန် ငါးဆင့်ပုံကို ရည်ညွန်း၍ သဲပုံစေတီများကို ငါးဆင့် ပြုလုပ်တည်ဆောက်ခြင်း ဖြစ်ပါတယ်။

နှစ်ကာလ ကြာမြင့်လာတဲ့အခါ သဲပုံစေတီတော်များကို အုတ်များဖြင့်ငုံ၍ စေတီတော်ကြီးများအဖြစ် တည်ထား ကိုးကွယ်ကြပါတယ်။ စေတီလေးမျိုး ကိုးကွယ်မှုသည် ဗုဒ္ဓဘာသာဝင်များအတွက် ကုသိုလ်ရွှေအိုးမြှုပ်နှံရာတစ်ခု ဖြစ်ကြောင်း ခုဒ္ဒကပါဌပါဠိ၊ နိဓိကဏ္ဍသုတ်မှာ မြတ်ဗုဒ္ဓ မိန့်မှာခဲ့ဖူးတယ်။

နောက်ပွဲတော်တစ်ခုမှာ တပေါင်းပွဲပင် ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်များ တဖြည်းဖြည်းနဲ့ တိမ်ကောစ ပြုချိန်မှာ တပေါင်းပွဲတော်အဖြစ် ဘုရားပွဲတော်များကို ကျင်းပလာကြပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားစေတီတွေမှာ ယနေ့တိုင်ကျင်းပပြုလုပ်လျက်ရှိတဲ့ တပေါင်းပွဲတော်များကို စည်ကားစွာ မြင်တွေ့နိုင် ပါတယ်။

ဟိုးယခင်က ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ဟာ အစည်ကားဆုံးလို့ ဆိုလို့ရပါတယ်။ အစားအစာ မျိုးစုံ၊ ပျော်ပွဲမျိုးစုံ၊ ပစ္စည်းမျိုးစုံတို့ ဆုံတဲ့နေရာပါ။ မြန်မာပြည် အနယ်အနှံ့က ဘုရားဖူးများနဲ့ အစဉ်အမြဲ ပြည့်နက်နေတတ်ပါတယ်။ ရင်ပြင်တော်ပေါ်မှာ ဆွမ်းတော်ကြီးတင်၊ ရေသပ္ပါယ်၊ သံဃာတော်များ ပဌာန်းနဲ့ပူဇော်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေနဲ့ လူက ကြက်ပျံမကျ စည်ကားလှပါတယ်။ ယနေ့ခေတ် မှာတော့ ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်က အရင်နဲ့ မတူတော့ပါ။ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် တပေါင်းပွဲတော်တွေလည်း တိမ်ကောစပြုလာပြန်ပါပြီ။

“တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြတုံ၏၊ ပည်းပုံများဖြင့်၊ သဘင်နှစ်ကြောင်း၊ လှေပေါင်းလှည်းက၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊ စုံပူးမကွာ၊ သို့သောခါသည်...” လို့ တပေါင်း နဲ့ ရွှေတိဂုံစေတီပွဲတော်အကြောင်း ဖွဲ့သီခဲ့တဲ့ စာဆိုနဝဒေးလည်း ထိုင်ငိုလောက်တဲ့အဖြစ်ရယ်ပါ...။
__________________________________________
ဆရာ ကိုသက် ရေးသော တပေါင်းပွဲ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်..
Mar 6.2016 | http://www.mymemo.cf/2016/03/post323.html