ဖုတ်ဝင်သွားသော အသိရဲ့အဖေ (ဖြစ်ရပ်မှန်) - Kharann Media

Breaking

ဖုတ်ဝင်သွားသော အသိရဲ့အဖေ (ဖြစ်ရပ်မှန်)


ကျွန်တော်အခုပြောပြမှာကတော့ ဖုတ်ဝင်တဲ့ အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေ အန်တီ တစ်ယောက်၏ ဖခင်ရဲ့ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေ အန်တီက မိသားစု သုံးယောက်ရှိပါတယ်။ သူ့ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ် သားတစ်ယောက်နဲ့ တူနေထိုင်ကြပါတယ်။ အန်တီ့အမျိုးသားကတော့ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေပါတယ်... 

အဲဒီလိုနဲ့နယ်မှာနေတဲ့ အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူ မိသားစုကိုလည်း စောင့်ရှောက်ရင်း မိမိမှာခံစားနေရတဲ့ သွေးတိုး၊ ဆီးချိုရောဂါကို ရန်ကုန်မှာ ရှိတဲ့ ဆရာဝန်(အထူးကု)များနဲ့ပြသဖို့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် အစီစဉ်နဲ့ သမီးရှိရာ ရန်ကုန်မြို့တော် ကြီးဆီကို တက်လာခဲ့ပါတယ်။

ရန်ကုန်ကိုရောက်တော့ ချစ်စရာကောင်းတဲ့ မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေး သွားချင်တဲ့ အားကစားကွင်းတွေလည်း လိုက်ပို့နဲ့ အရမ်းကိုပျော်နေတာပေါ့ဗျာ။ ဆေးခန်းကိုလည်း သွားပြီးဆေးစစ်ကြတယ်။ ဆေးစစ်ချက် အဖြေကတော့ ဆီးချိုကသိပ် မတက်ပေမယ့် သွေးကတော့ အတော် တက်နေတဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေရှောင်ဖို့ သတိပေးလိုက်တယ်။ ဒီလိုနဲ့ အန်တီ့အဖေဟာ သမီးနဲ့ မြေးနှစ်ယောက်ထဲကို စိတ်မချ တာနဲ့ သားမက်ပြန်လာတဲ့ အချိန်အထိ ရန်ကုန်မှာခဏနေမယ်လို့ ဆုံးဖြတ်လိုက်တယ်....

တစ်ရက်တော့ ညနေ ညီအစ်ကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ့မှာထိုင်ခုံနဲ့ ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ ကစားနေတာကို ကြည့်နေရင်း ရုတ်တရက်လဲကျသွားတယ်.... အဲဒါကိုမြင်တဲ့ အိမ်ထဲကသမီးနဲ့ ကစားနေတဲ့မြေးလေးတို့က အပြေးအလွှားရောက်လာ ပြီးတော့ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်...

အဲဒီအခါဘကြီးက ဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ ပြောပြီးအိမ်ထဲပြန်ဝင်သွားရာက... အဲအချိန်စပြီး အဲဒီဘကြီးဟာ အရမ်းပြောင်းလဲသွားတော့တာပဲ.... အိပ်ခန်းထဲကအပြင်ကို သိပ်မထွက်တော့ဘူး.... အိမ်သားတွေနဲ့လည်း စကားသိပ်မပြောတော့ဘူး... အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ့ ဘကြီး၊ မနက်တိုင်း တရားခွေဖွင့်နေတဲ့ သူဟာ ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင့်တော့ဘူး။ 

သမီးဖြစ်သူကဘာလို့ ဆွမ်းမလောင်းတာလဲလို့ မေးရင် နေမကောင်းလို့ ခေါင်းမူးလို့ အကြောင်းပြတယ်....
သမီးက မနက်တရားခွေဖွင့်ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို့ မရဘူးဆိုပြီးသောင်းကျန်း ပြန်ပါရော... သူ့သမီးကလည်း တစ်ခါမှ သူ့အဖေအဲဒီလို မဖြစ်ဖူးဘူး ဆိုပြီး အရမ်း အံ့သြနေ တယ်။ ဆေးခန်းပြဖို့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြော တယ်...

ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ့ မြေးနဲ့အတူစားနေကျ ဘကြီးက အခု အခန်းထဲမှာ တစ်ယောက်တည်း စားတယ်... နေ့လည်စာ သိပ်မစားဘူး.... ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီး လုံးဝမစားဘူး.... အသားငါးဆိုရင်တော့ အများကြီးစားတယ်တဲ့... အရင်က အသားငါးသိပ်မစားတဲ့ သူဆိုတော့ သူ့သမီးကလည်း အရမ်းထူးဆန်းနေတယ်။ 

အဖေဘာစားချင်လဲလို့ သမီးကဈေးသွားခါနီးမေးရင် အမဲသားကျွေးပါ လို့ပြောတယ်... အဖေအမဲသားမစားဘူး မဟုတ်လားလို့ မေးရင် အဲဒါအရင်က... အခုကျန်မာရေးမကောင်းလို့ အားရှိအောင်စားပီလို့ ပြောတယ်တဲ့... ဘာလဲ နင်ကငါ့ကိုမသထာလို့လားလို့ မျက်ထောက်နီကြီးနဲ့ ပြန်မေးသေးသတဲ့.... သူ့သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင် ပြုံးရွှင်နေတာပဲ.... အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန်လုပ် တယ်တဲ့ဗျ.... အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာလာတယ်လေ။

ထူးခြားတာက အနှိပ်သည်ကို သုံးရက်တစ်ခါနှစ်ရက်တစ်ခါလောက်ခေါ်ခိုင်းတတ်တာပဲ.... သူ့မြေးလေး ကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ့ လူတွေကိုလည်း နှိပ်ခိုင်း တယ်.... နောက်ပြီးတော့ နောက်နေ့  မနက်ဆွမ်းလောင်းဖို့ အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်.... မီးဖိုထဲမှာထားတဲ့ ငါးရံ့ခြောက်တွေနဲ့ ဆတ်သားခြောက်တွေလည်း ပျောက်ကုန်တယ်တဲ့.... 

ပထမတော့ ကြောင်စားတယ်နေလိမ့်မယ်လို့ စွပ်စွဲတယ်တဲ့။ နောက်တော့ အန်တီလည်း သိပ်သင်္ကာမကင်း ဖြစ်လာတယ်... ဖုတ်ဝင်နေတဲ့ဘကြီးရဲ့ အနေအထားက တဖြည်းဖြည်းပိုဆိုးလာတယ်။ ဘယ်လောက်ထိ ဆိုးလာလဲဆိုရင် အန်တီတို့ အိမ်ကပေ ၂၀၊ ပေ ၆၀ အိမ်ဆိုတော့ ဘေးအိမ်နဲ့က အရမ်းနီးတယ်လေ... ခြံစည်းရိုးလည်း ခတ်မထားတော့ ပုဏ္ဏရိတ်ပန်းပင်လေးတွေနဲ့ ခြံစည်းရိုးပုံ လုပ်ထားတာဆိုတော့ အလွယ်တကူ တစ်အိမ်နဲ့ တစ်အိမ်ကူးလို့ရတယ်။ ခေါင်းရင်းဘက် အိမ်မှာက ကြက်လေးငါးကောင်မွေး ထားတယ်။ အဲဒီအိမ်ရဲ့ ကြက်အိပ်တန်းက အန်တီတို့ အိမ်အနောက်ဖေးဘက်ကနေ ကပ်လျက်ရှိနေတယ်။ 

ဘကြီးအမူအယာတွေပျက်လာပြီးလို့ တစ်လကျော်ကြာတဲ့အခါ ကြက်တွေကပျောက်ပျောက်သွားတယ်... အဲဒီအိမ်က လူတွေကတော့ ကြောင်သုတ်သွားတယ်လို့ ထင်တာပေါ့။ အန်တီတို့ အိမ်မှာကလည်း မီးကောက်ဆိုတဲ့ ကြောင်ထီးကြီးတစ်ကောင်ရှိတယ်လေ။

နောက်ပီး အန်တီ့သားကလည်း အိမ်နောက်ဘက်မှာ ငါးတွေမွေးထားသေးတယ်လေ... တစ်ရက်မှာ အန်တီက သူအဖေအိပ်ခန်းကိုဝင်ရှင်းပေးတော့ ကြက်မွှေးတွေနဲ့ သွေးအချို့ကိုတွေ့ရတယ်။ အဲဒါနဲ့  သူ့အဖေကိုပြပီးမေးတော့ အဖိုးကြီးကကြောင်ချီလာတာဖြစ်မယ်လို့ပြောတယ်တဲ့... အန်တီလည်း သိပ်မသင်္ကာတာနဲ့ အရိပ်အခြေကြည့်နေလိုက်တယ်။

တစ်နေ့ ညနေဘက် အဖိုးကြီးက အိမ်နောက်ဖေးဘက်ကိုသွားရင်း ငါးကန်ထဲကို လက်နှိုက်နေပြီး ရွှေငါးတစ်ကောင်ကိုဖမ်းပြီးတော့ ပါးစပ်ထဲအထည့်မှာ သူ့ မြေးက မြင်တော့ အန်တီကို လှမ်းခေါ်ပြတယ်။ အန်တီကလည်း အဖေဘာလုပ်တာလဲလို့မေးရော.... အဖိုးကြီးက ငါးလေးတွေ လှလို့ ကြည့်နေတာလို့ ပြန်ဖြေသတဲ့။ ခုနက ငါးတစ်ကောင် ပါးစပ်ထဲကို ထည့်လိုက်တယ် မဟုတ်လားလို့ မေးတော့ မသိသလိုနဲ့ နေပြီး ငါခေါင်းမူးလာလို့ အခန်းထဲပြန်ပို့ ဆိုပြီးထိုင်ချလိုက်တယ်။ 

အဲဒါနဲ့ အန်တီလည်းသူ့ အဖေကို အိပ်ခန်းထဲတွဲခေါ်ပြီးပြန်ပို့ ပေးလိုက်တယ်။ အန်တီလည်း ဘာမှ မလုပ်တတ်တာနဲ့ ရပ်ကွက်ထဲကလူတွေနဲ့ တိုင်ပင်ကြည့်တယ်။ မိတ်ဆွေတွေ ကတော့ တစ်ယောက် တစ်မျိုးပြောကြတာပေါ့။

ဖုတ်ဝင်တာထင်တယ်လို့ အများဆုံးပြောကြတယ်။ အန်တီကတော့ သူ့အဖေကို အဲဒီလိုမထင်ရက်ဘူးလေ၊ အဲဒါနဲ့ မလေးမှာရှိတဲ့ ယောက်ျားဆီ ဖုန်းခေါ်ပြီးပြောတော့ သူ့ယောက်ျားက အဲဒါတွေ အယုံအကြည် မရှိတော့ အဖိုးကြီးတစ်ရက် အိမ်ရှေ့ မှာလဲကျတုန်းက ဦးခေါင်းကိုထိခိုက်သွားပြီး ဦးဏှောက်ထိသွားတယ် ထင်တယ်။ ဆရာဝန်ပြကြည့်လို့ ပြောတယ်တဲ့ဗျ။ ဆေးခန်းသွားဖို့ ခေါ်တဲ့အခါကျပြန်တော့လည်း အဖိုးကြီးက မလိုက်ချင်ဘူးလို့ ငြင်းတယ်လေ။ ရပ်ကွက်ထဲက ဆရာဝန်ကို အိမ်ပင့်ပြီးပြရော... ဆရာဝန်သွေးချိန်ကြည့်တော့ပြဒါးက တက်မလာဘူးတဲ့။ ဘယ်တက်မလဲ။ အဖိုးကြီးက အသက်မှ မရှိတော့တာ။ သွေးစမ်းတော့လည်း ဘယ်လိုမှသွေးခုန်နှုန်းစမ်းလို့ မရဘူး။ ဆရာဝန်လည်း နည်းနည်း လန့်သွားတယ်။ ဆရာဝန်ကအဖိုးကြီးကို ဦးလေးနေကောင်းရဲ့လားတော့ မေးတော့ အဖိုးကြီးက အသံခပ်မာမာနဲ့ မကောင်းဘူးလို့ ပြန်ဖြေတယ်။ 

ဘယ်နေရာက ဘာဖြစ်လဲလို့ မေးတော့ ငါဆာတယ်လို့ပြောတယ်။ ဘာစားချင်လဲလို့ မေးတော့ ရင်ခေါင်းသံကြီးနဲ့ အသားလို့ ပြောပီး ဆရာဝန်နဲ့ အန်တီတို့ရဲ့ တခြားတစ်ဖက်ကိုလှည့်သွားရော။ ဆရာဝန်လည်း အခန်းအပြင်လည်း ရောက်ရော အန်တီ့ကို အဖိုးကြီးကို သူကုလို့ မရဘူး။ ပျောက်မှာ မဟုတ်ဘူးလို့ အရိပ်အမြွက်ပဲ ပြောပြီးပြန်သွားတယ်။ အန်တီလည်း နယ်မှာရှိတဲ့ သူ့ မောင်နှမတွေဆီကို အကြောင်းကြားလိုက်တယ်။

လူပျိုဖြစ်တဲ့ မောင်အငယ်ဆုံးက ချက်ချင်းရောက်လာတယ်။ ဒါပေမယ့် အဖိုးကြီးက သူ့သားကို မသိဘူးဖြစ်နေတယ်။ တွေ့တွေ့ချင်း မင်းဘယ်သူလဲလို့မေးတယ်။ အန်တီလည်း အဖေ့ သားအငယ်(မောင်-------)လေလို့ပြောတော့ အဖိုးကြီးက အသက်ကြီးတော့မေ့တတ်တယ်လို့ ပြန်ဖြေ သတဲ့။ နယ်က အမျိုးတွေ စီစဉ်ပေးလိုက်တဲ့ ခုံဖိနပ်တို့ သြဇာရွက်တို့ သိမ်ဝင်အပ်တို့ကို အဖိုးကြီးအိပ်ယာအောက်ကိုထည့်ဖို့ မောင်နှမနှစ်ယောက် တိုးတိုးတိုင်ပင်သတဲ့။ အဲဒါကိုအဖိုးကြီးက အခန်းထဲက ဘယ်လိုမှမကြားနိုင်ပါဘူး။ ဒါပေမဲ့ အခန်းထဲကအသံသြကြီးနဲ့ အဖိုးကြီးက မင်းတို့ ဖိနပ်စုတ်၊ အပ်စုတ်ကို ငါကြောက်တယ်လို့ ထင်နေလား...။ အားလုံးအသေဆိုးနဲ့သေသွားမယ်။ ငါ့ကိုဘာမှတ်နေလဲလို့ အော်တယ်တဲ့ဗျ။ အန်တီလည်း အရမ်းလန့်သွားပီး အဲဒီအိမ်မှာ မအိပ်ရဲတာနဲ့ မျက်စောင်းထိုးက မိတ်ဆွေအိမ်မှာ မောင်နှမတွေ သွားအိပ်ကြရတယ်... အဲဒီညကစပီး အဖိုးကြီးလည်း သောင်းကျန်းတော့တာဘဲ....၊ တောက်ခေါက်သံတွေ အကျယ်ကြီးကြားရတယ် လို့ ဘေးအိမ်ကပြောတယ်။ 

တဒုန်းဒုန်းနဲ့ဖနောင့်တွေလည်း ဆောင့်တယ်တဲ့.... ဘေးအိမ်နဲ့က အရမ်းကပ်နေတော့ အားလုံးကြားနေရ တယ်ဗျ... နောက်တနေ့ အန်တီ့မိတ်ဆွေအကူညီနဲ့ ဖုတ်ထုတ်တဲ့ ဆရာတစ်ယောက်ကို အိမ်ကိုခေါ်လာ တယ်။ သူတို့အိမ်ထဲကိုရောက်ရောက်ချင်းမှာ မြင်လိုက်ကြရတာက အိမ်တွင်းအုန်းကို ဆွဲဖြုတ်ထားတယ်။ အိမ်မှာမွေးထားတဲ့ ကြောင်ကြီးကိုလည်း မတွေ့ရဘူးတဲ့....။ အဲဒီအချိန်မှာ အဖိုးကြီးက သောင်းကျန်း ပါလေရော... ဆရာကိုလည်း အရမ်းကြိမ်းတော့တာပဲ။.... ပြီးတော့ အခန်းထဲကထွက်လာပြီး ဆရာ့ကို လည်ပင်း ညှစ်မလို့ လုပ်သတဲ့။ ဆရာလည်း ထွက်ပြေးရောဗျာ။

အန်တီတို့ မောင်နှမလည်း အိမ်ပေါ်ကနေ ဆင်းပြေးရရော... ညကအိပ်တဲ့ အိမ်ကိုပြန်ပြေးလာကြပြီး အန်တီလည်း ကြောက်လို့ ငိုပါလေရောတဲ့။ အဲဒီအချိန်မှာ အဲဒီအိမ်ကို ဆွမ်းခံကြွနေတဲ့ ဦးပဉ္ဖင်းလေးက မြင်ပြီး ဒါယကာမကြီး ဘာဖြစ်တာလဲလို့မေးတယ်။ အန်တီလည်း ဦးပဉ္ဖင်းလေးကို အကြောင်းစုံလျှောက်ထား လိုက်တယ်။ ဦးဇင်းလေးကလည်း ဒါမျိုးတွေဟာ ဘုရားရှင်လက်ထက်ထဲက ရှိကြောင်း၊ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ ကမ္မဝါနဲ့ ပရိတ်တော်တွေကို သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေက ရွတ်ဖတ်ပေးရင် အစိမ်းသရဲ၊ နာနာဘာဝတွေ ထွက်ပြေးရကြောင်းကို ရှင်းပြပါတယ်။ အန်တီလည်း ဦးဇင်းလေးရှင်းပြတာ နားထောင်ပြီး ဦးဇင်းလေးရဲ့ ကျောင်းတိုက်ကိုလိုက်ကာ ဆရာတော်ကို အကြောင်းစုံလျှောက်ထားပြီး မကောင်းဆိုးဝါးရန်မှ ကာကွယ်ရန်လျှောက်တင် အကူညီတောင်းလိုက် ပါတယ်။

ဆရာတော်က ဒကာမကြီးရဲ့ ဖခင်ဟာ လူ့လောကထဲမှာ မရှိတော့ဘူး။ ဒကာကြီးရဲ့ ဝိညာဉ်မဲ့နေတဲ့ ကိုယ်ခန္ဓာကို တစ်စုံတစ်ခုသော ပုဂ္ဂိုလ်ကဝင်ရောက် မှီခိုနေတာမို့ ဆရာတော်တို့က ဘုရားရှင်၏ ပရိတ်တရားတော်တွေ ကမ္မဝါစာတွေ ရွတ်ဖတ်ပီး သာသနာစောင့်နတ်နဲ့ နတ်မင်းကြီးလေးပါးကို အမိန့်ပြန် စာတမ်းတွေ ရွတ်ဖတ်လျှင် ဝင်ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ချက်ချင်းဖယ်ရှားသွားမှာ ဖြစ်တယ်။ အဲဒီအခါမှာ ဒကာကြီးရဲ့ဝိညာဉ်မဲ့ ခန္ဓကိုယ်သာ ကျန်ခဲ့မှာဖြစ်လို့ ဒကာမကြီးအနေနဲ့ ဒီသောကမီးကို ကြံ့ကြံ့ခံနိုင် ပါ့မလားလို့မေးပါတယ်။ အန်တီလည်း ကြိုတင်ပြင်ဆင်ပြီးသားပါဘုရားလို့ ဖြေပါတယ်။ 

ဆရာတော်က ဘုန်းကြီးကျောင်းမှာရှိတဲ့ ပရိတ်ချည်တွေကိုပေးလိုက်ပြီး အိမ်ပတ်ပတ်လည်ကို ချည်တားစေပါတယ်။ အိမ်အဝင်ပေါက်တစ်ခုတည်းသာ ချန်ခဲ့စေပါတယ်။ ဒါကလည်း ဆရာတော်တွေ ကြွလာရင် အိမ်ထဲဝင်ဖို့နဲ့ ဖုတ်ထွက်သွားဖို့ပါ။ အိမ်ပြန်ရောက်တော့ အန်တီ့မောင်နဲ့အတူ ရပ်ကွက်ထဲ က ယောက်ျားလေး သုံးယောက်လောက်က အိမ်ပတ်ပတ်လည်ကို ပရိတ်ကြိုးတားပါတော့တယ်။

အဲဒီအချိန်မှာအဖိုးကြီးလည်း အရမ်းသောင်းကျန်းတော့တာပါပဲ။ ပထမတော့ ခြိမ်းခြောက်တယ်။ ပြီးတော့ တောက်တွေခေါက်၊ ဖနောင့်တွေဆောင့်ပြီးသေချင်လို့လား ဘာညာတွေပြောပီး အခန်းထဲမှာ ရှိတဲ့ ပစ္စည်းတွေကိုကောက်ပေါက်တာတွေ လုပ်သတဲ့ဗျ..... မရလည်း မရရော ငိုပီးတော့ သူ့သားကို အဖေ့ကို မသတ်ပါနဲ့ အဖေမသေချင်သေးဘူးလို့ လိမ်ပြီးဟန်ဆောင်ပြောသတဲ့။ သူ့သားကလည်း မသိချင် ဟန်ဆောင်ပြီး လုပ်စရာရှိတာကို ဆက်လုပ်တယ်။ ညနေသုံးနာရီလောက်မှာ ဆရာတော်တွေ ကြွလာ ကြတယ်။ ဆရာတော်တွေ အိမ်ပေါ်လည်းရောက်ရော အဆင်သင့်ပြင်ထားတဲ့ ပရိတ်ပန်း၊ ရေ၊ သဲ၊ အပ်ချည် စတာတွေကို အန်တီက သူသွားနေတဲ့အိမ်ကယူပီး သူ့အိမ်ကိုကူးလာခဲ့တယ်။

အဖိုးကြီးကလည်း အိမ်ခန်းထဲမှာ သောင်းကျန်းနေတာဗြောင်းဆန်နေတာဘဲတဲ့။ တောက်တွေလည်းခေါက် သက်ပြင်းတွေချ အသံသြကြီးနဲ့အော်နေသတဲ့။ ဆရာတော်တွေကလည်း အိမ်ရှင်ကို ဒီအိမ်မှာ မကောင်းသော နာနာဘာဝတွေနေထိုင်တာကို ကြိုက်မကြိုက် အရင်မေးပါတယ်။ ပြီးတော့ အိမ်ရှင် မကြိုက်လို့ နှင်ပေးပါရန် ဆရာတော်များကိုလျှောက်တင်ပါကြောင်းပြောတဲ့အခါ ဆရာတော်က အိမ်ပိုင်ရှင် မကြိုက်ပါသောကြောင့် သာသနာစောင့်နတ်နဲ့ ဝိရူပက္ခ၊ ဝိရူယက္ခ၊ ဒသရဌ၊ ကုဝေရ.... စတဲ့ နတ်မင်းကြီးလေးပါး သိကြားမင်း၊ မြို့စောင့်၊ လမ်းစောင့်၊ အိမ်စောင့်နတ်တွေကို မြတ်စွာဘုရား၏ အမိန့်ပြန်စာတွေ ရွတ်ဖတ်ပြီး နာနာဘာဝကို သင့်တော်ရာသို့ ခေါ်ဆောင်သွားရန်ပြောဆိုပြီး ကမ္မဝါ၊ ရတနာသုတ်၊ အာဋာဏာဋိယသုတ်နဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရွတ်ဖတ်ပေးပါတယ်။

ဘုရားရှင်ရဲ့ ပရိတ်တရားတော်တွေ ရွတ်ဖတ်စဉ်မှာ အိပ်ခန်းထဲကအဖိုးကြီးက ပူလောင်လှကြောင်း၊ သူ့ကိုဝိုင်းပြီးနှောင့်ယှက်နေကြကြောင်း၊ နားထဲကို သံရည်ပူတွေ လောင်းထည့်နေကြကြောင်း အော်ပြော ပါတယ်။ ဆရာတော်လည်း ပရိတ်များ ရွတ်ဖတ်ပြီး အဖိုးကြီးကို အပြင်ထွက်ခဲ့ဖို့ခေါ်လိုက်တဲ့အချိန်မှာ အဖိုးကြီးဟာ အိပ်ခန်းထဲကနေပြီး လည်ပင်းကြီးကို ၉၀ဒီဂရီလောက်စောင်းပြီး လေးဖက်ထောက်ထွက် လာပါတယ်..။ ပြီးတော့ ဆရာတော်တွေရှေ့မှာခြေဆင်းထိုင်ပီး ပါးစပ်မှလည်း သွားရည် တမျှားမျှားနဲ့ ကြောက်စရာ အလွန်ကောင်းတယ်လို့ မြင်တွေ့ရတဲ့လူတွေကပြောပြပါတယ်။ ဆရာတော်က ဦးချခိုင်းတော့ ဦးချလို့ သူမရပါဘူး။ အမျှဝေတော့လည်း သူသာဓုမခေါ်နိုင်ပါဘူး မကြားရဘူး လို့ ပြောပါတယ်။ ပြီးတော့ ဆရာတော်က ဒကာကြီး ခန္ဓာကိုယ်တွင်းက ထွက်သွားဖို့  မိန့်ကြားတော့ သူကရိုးရိုးဖုတ်မဟုတ်ဘူး။ ဖုတ်ဘုရင်လို့ ပြောပါတယ်။ အိမ်ခေါင်မိုးဖွင့်ပေးမှ ထွက်လို့ရမယ်ပြောတော့ ချက်ချင်းပဲ တရားနာနေတဲ့ထဲက လူတစ်ယောက်ကလှေကားနဲ့တက်ပြီး အိမ်ခေါင်သွပ် တစ်ချက်ကို လှန်လိုက်တော့ အဲဒီဖုတ်လည်း သက်ပြင်းတစ်ချက်ချပြီး လဲကျသွားပါတယ်။ အန်တီလည်း ဆရာဝန်ခေါ်ပြီး သူအဖေ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို စစ်ဆေးခိုင်းပါတယ်။

ဥပဒေအရ သေစာရင်းရေးရန်အတွက် ဖြစ်ပါတယ်။ ဆရာဝန်စစ်ဆေးချိန်မှာ ရုပ်အလောင်း ဟာသေပြီးခါစနှင့်မတူဘဲ အပုပ်နံ့ဟာ မခံနိုင်အောင်နံလာပါတယ်။ ချက်ချင်းရေခဲတိုက်ကို အကြောင်းကြား ပြီး လာသယ်သွားစေပြီး နောက်နေ့မှာ သဂြိုလ်ဖို့စီစဉ်ပါတယ်... နယ်မှာရှိတဲ့ အမျိုးတွေကိုလည်း အကြောင်းကြားပါတယ်.... နောက်တစ်နေ့သဂြိုဟ်ဖို့ အလောင်းကို ရေခဲတိုက်ထဲက ထုတ်လာချိန် မှာ အန်တီဟာ သူ့အဖေမှဟုတ်ရဲ့ လားလို့ တောင် အမြင်မှားသွားပါတယ်။ အလောင်းက မနေ့ကနဲ့ မတူဘဲ အရိုးပေါ်အရေတင်ပိန်ပြီးနေပါတယ်.... သေသေချင်းမနေ့ကရုပ်နဲ့ အရမ်းကွာနေပါတယ်။ မီးသဂြိုလ် ပြီးတဲ့နောက် အိမ်ပြန်လာပြီး အဖိုးကြီးအခန်းကို သန့်ရှင်းရေးလုပ်တော့ ကြက်မွှေးတွေရယ်၊ ပျောက်သွား တဲ့ ကြောင်ကြီးရဲ့အမွှေးတွေရယ်ကို တွေ့ရပါတယ်....

အကယ်၍သာ ဖုတ်ကို ဒီအတိုင်းထားခဲ့ရင် အချိန်ကြာလာခဲ့သည်နှင့်အမျှ.... အန်တီတို့ မိသားစု ဘဝဟာကြောက်စရာကြီးပါ... ဒီအကြောင်းလေးဟာ ကျွန်တော်အသိရဲ့ အဖြစ်အပျက်အမှန်လေးပါ။
__________________________________________
ဆလိုင်း သက်ပိုင် | credit - သရဲ
Mar 16.2016 | http://www.mymemo.cf/2016/03/post357.html