Burundanga (သို့မဟုတ်) သာမန်ထက် လေးဆပြင်းသည့် "တို့ဆေး" - Kharann Media

Breaking

Burundanga (သို့မဟုတ်) သာမန်ထက် လေးဆပြင်းသည့် "တို့ဆေး"


အမျိုးသမီးတစ်ဦး ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီဖြည့်နေစဉ် သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီအရောင်းကိုယ်စားလှယ်ပါဟု သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်လျှင်ဆက်သွယ်ရန် လိပ်စာကဒ် ပေးခဲ့သည်။

သူမကလည်း သဘောရိုးနှင့်ပေးသည် ထင်မှတ်၍ ယဉ်ကျေးမှုအနေနှင့် လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။ ထိုသို့မောင်းထွက်လာရင်း သိပ်မကြာခင် လမ်းတစ်နေရာ အရောက်တွင် အမျိုးသမီးသည် ခေါင်းကိုက်မူးဝေလာပြီး မွန်းကြပ်ကာ အသက်ရှူမရ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ကားပြူတင်းပေါက်ကို ဖွင့်ဖို့ကြိုးစားရင်းမှ ပတ်ဝန်းကျင်ကို ငဲ့စောင်း ကြည့်မိသောအခါ သူမ ကားနောက်မှ စောစောကယောက်ျားနှင့် အတူ တခြားယောက်ျားတစ်ဦးပါသည့်ကား နောက်ယောင်ခံ လိုက်လာသည်ကို နောက်ကြည့်မှန်မှတဆင့် သတိထားမိလိုက်သည်။ သူမကား နောက် တည့်တည့်သို့ ပင် ရောက်နေပြီ။ 

ကားပြတင်းပေါက်မှ တိုးဝင်လာသည့် လေတွေကြောင့် အတန်ငယ် သက်သာသွားသော်လည်း မူးဝေနောက်ကျိကာ အိပ်ချင်သလို၊ နှုန်းချိသလို ခံစားနေရသည်။ သူမ အားတင်းကာ လူ၊ ကား စည်ကားရာ လမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါတလဲလဲ နှိပ်နေခဲ့ရသည်။ သူမ ကားကို လူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့..။

စည်ကားရာသို့ရောက်တော့မှ သူမ ကားနောက်မှ ထပ်ကြပ်မကွာလိုက်နေသော ကားက တခြား ကိုမောင်းပြေး သွားတော့သည်။ သူတို့ရန်က ကံသီစွာ လွတ်ခဲ့ပေမယ့် သူမကတော့ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီး တစ်ကိုယ်လုံး နှုန်းချိသလို၊ အားကုန်သလို ခံစားနေရဆဲဖြစ်၍ လမ်းဘေးထိုးရပ်ကာ မိနစ် အတန်ကြာမှိန်း နေပြီးမှ ပြန်လည်သက်သာလာခဲ့တော့သည်။

အဖြစ်မှန်မှာ- လိပ်စာကဒ်ပေါ်တွင် 'BURUNDANGA' ခေါ် လမ်းဘေးအလှစိုက်ပန်းပင်မှ ဖော်စပ်ထား သည့် ဆေးတစ်မျိုး သုတ်လိမ်းထား၍ ဖြစ်သည်။ အရပ်အခေါ် "တို့ဆေး" ဖြစ်သည်။ ထိုပန်းမျိုးကို မြင်ဖူးပါ လိမ့်မည်။ အရပ်အခေါ် အမျိုးမျိုးရှိသည်။ အဆင်းအားဖြင့် လှသော်လည်း အင်မတန် အဆိပ်ပြင်းသည့် ညပန်းမျိုးရင်းဝင် တစ်မျိုးဖြစ်သည်။ ထို burundanga ဆေးသည် မုဒိမ်းသမားများမှ သားကောင် မိန်းကလေး မူးဝေမိန်းမောသွားအောင် ခတ်လေ့ရှိသည့် သာမန် ခတ်ဆေးထက် (၄) ဆ ပြင်းသည်။ ပို၍ ထူးခြားသည်က သာမန်ခတ်ဆေးများကဲ့သို့ ပါးစပ်ထဲ ဝင်အောင် အစားအသောက်မှတဆင့် ခတ်နေစရာ မလို။ ရှူမိအောင် လုပ်နိုင်ရုံနှင့်တင် ရပြီဖြစ်သည်။


လိပ်စာကဒ်လို ရိုးရှင်းသည့် ပစ္စည်းကလေးများတွင် သုတ်လိမ်း၍ ပေးခြင်း၊ အိမ်ထဲထိ တံခါးလာခေါက်ပြီး သတင်းစာဝေခြင်း၊ လက်ကမ်းကြော်ငြာဝေခြင်းမျိုး နှင့် လူရှင်းပြီး ချောင်ကျသည့် စားသောက်ဆိုင်များ၌ တစ်ရှူးဗူး လာချပေးခြင်းကအစ လက်ဆွဲနှုတ်ဆက်၍၊ ပုခုံးပုတ်၍၊ မျက်နှာရှေ့မှာ သတင်းစာ၊ ပုဝါ စသည် တစ်ခုခုလှုပ်ခါ၍ စသဖြင့်ပုံစံမျိုးစုံနှင့် ချဉ်းကပ်လာနိုင်သည့်အခြေအနေ များစွာရှိသည်။


ရှူမိပြီဆိုလျှင် မူးဝေမိန်းမောခြင်း၊ လေးလံထိုင်းမှိုင်းလာခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း၊ သတိ လက်လွတ်မေ့မျောခြင်း တို့ဖြစ်တတ်သည်။ ထိုသို့ဖြစ်လာလျှင် ပါလာသည့် ပစ္စည်းများကို အေးဆေး ယူသွား ရုံပင်။ မိန်းကလေးများဆိုလျှင် သတိရလာမှ မုဒိန်းကျင့်ခံရမှန်း သိရသည့်အဖြစ်သို့ရောက်နိုင် သည်။ ထို့ကြောင့် မိန်းကလေးများ အဖော်မပါဘဲ တစ်ကိုယ်တည်းသွားလျှင် အစစ အရာရာ သတိထား သင့်သည်။
__________________________________________
zinno | mymemo | ref : what is burundanga?