"သေချင်ရင် စိန်မစားနဲ့ သံဖြူဇရပ်ကိုသွား" ဟုနာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် - Kharann Media

Breaking

"သေချင်ရင် စိန်မစားနဲ့ သံဖြူဇရပ်ကိုသွား" ဟုနာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့်

သံဖြူဇရပ်မြို့မှ မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း သမိုင်း




သံဖြူဇရပ် သမိုင်း
ကုန်းဘောင်မင်းဆက် ဘကြီးတော်ဘုရား လက်ထက် ခရစ်နှစ် ၁၈၂၄ - ၂၅ ခုနှစ်တွင် စစ်သူကြီး မဟာ ဗန္ဓုလ ဦးစီးသည့် မြန်မာ့ တပ်မတော် နှင့် အင်္ဂလိပ် နယ်ချဲ့တပ်တို့ တိုက်ခိုက်ခဲ့သည်။

အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲတွင် မြန်မာတို့ အရေးနိမ့်ခဲ့သဖြင့် ရန္တပို စာချုပ်အရ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့ကို အင်္ဂလိပ် တို့အား ပေးအပ်လိုက်ရသည်။ ယခင်က တနင်္သာရီတိုင်း သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စပြီး တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်မှာ ဆုံးသည့် တနင်္သာရီတိုင်း ကြီး ဖြစ်သည်။

အင်္ဂလိပ်နယ်ချဲ့ တို့သည် တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် ရှိသည့် ကတန်ကျွန်းကြီးတွင် ရော်ဘာများ စတင် စမ်းသပ် စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးအောင်မြင်သည့်အခါ သံဖြူဇရပ်ရွာ နှင့် ကျုံကဒက်ရွာ တို့တွင် အင်္ဂလိပ် ကုမ္ပဏီများ ရော်ဘာ လာရောက် စိုက်ပျိုးခဲ့ကြသည်။ သံဖြူဇရပ် ဆိုသည်မှာ လမ်းဆုံတွင် ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။ ဝါခရုကမဂီယုင်္ဂ ဆောက်လုပ် လှူဒါန်းထားသည့် ဇရပ်ကို သံဖြူ (သွပ်) အမိုး မိုးလိုက် သည့် အခါတွင် သံဖြူဇရပ် ဆိုသည့် အမည်တွင်လာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက သံဖြူဇရပ်
သံဖြူဇရပ်သည် ဒုတိယ ကမ္ဘာစစ် ဂျပန်များ အုပ်ချုပ်စဉ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ သံဖြူဇရပ် ချွေးတပ်စခန်းတွင် မြန်မာ - ထိုင်း မီးရထားလမ်းဖောက်လုပ်ရေး စီမံကိန်းသို့ မြန်မာပြည် အရပ်ရပ်က ရထားဖြင့် ရောက်လာကြသည့် ချွေးတပ်သားများသည် ရထားလမ်းဖောက်လုပ်သည့် နေရာသို့ သွားပြီး အခြေချ အလုပ်လုပ်ကြရသည်။ ချွေးတပ်သားများအတွက် ပြန်လမ်းမရှိသည့် အရပ်ဒေသ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ် ထိုအခါက "သေချင်ရင် စိန် မစားနဲ့ သံဖြူဇရပ်ကိုသွား" ဟု စာဆို တဘောင် ပေါ်ပေါက် ခဲ့သည်။


သေမင်းတမန် မီးရထားလမ်း နိဒါန်း
ဂျာမဏီ တို့၏ လောဘ၊ ဒေါသ၊ မာန်မာန တို့ကြောင့် စတင်ပေါ်ပေါက်ခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးတွင် ဂျပန်တို့သည် မလေးရှား နိုင်ငံကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံကို သိမ်းပိုက်လိုက်ပြီး ဂူအမ်ကျွန်း နှင့် ထိုင်းနိုင်ငံကို ဗုံးမိုးရွာချခဲ့လေသည်။ ထိုကဲ့သို့ ဂျပန် စစ်တပ်၏ တရကြမ်း တိုက်ခိုက်ခဲ့သော စစ်ပွဲတွင် ဗြိတိသျှတပ်သား ၉၀၀၀ ကျော် ကျဆုံးခဲ့ပြီး တပ်သား တစ်သိန်း ဝန်းကျင်မှာ ဂျပန်တို့၏ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ကျူးကျော်သူ ဂျပန်တပ်သား တစ်သောင်းကျော် လည်း သေပွဲဝင်ခဲ့ ရသည်။

ထို့နောက် ဂျပန်တို့သည် ထိုင်းနိုင်ငံကို သိမ်းပိုက်ရန် အတွက် ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း တို့ဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဂျပန် ဒုတိယ ဗိုလ်ချုပ်ကြီး တူမိုယူကီ ယာမာရိုကာ သည် ဗြိတိသျှ အင်ပါယာ ၏ အရှေ့ဘက်ခြမ်း ခံတပ် ဖြစ်သော စင်ကာပူ နိုင်ငံကို သိမ်းယူ လိုက်သဖြင့် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီ တွင် စင်ကာပူနိုင်ငံ သည် ဂျပန်တို့၏ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

ဂျပန်တို့သည် စင်ကာပူ နိုင်ငံကို သိမ်းပိုက်နိုင် ခဲ့သဖြင့် တန်ဖိုး ကြီးမားသော စက်လက်နက် အသုံး အဆောင်များ၊ စက်ပစ္စည်းများ၊ ရွေ့လျား နိုင်သော စက်ယန္တရား ၃၀၀ ကျော် အပါအဝင် ထောင်ပေါင်း များစွာသော စစ်သုံ့ပန်းများ သိမ်းပိုက် ရရှိလိုက် သဖြင့် စစ်အင်အား ကြီးမား လာခဲ့သည်။ ဤတွင် စင်ကာပူ ရှိ သိမ်းပိုက် ရရှိထားသော ပစ္စည်းများကို လက်ခံ ရယူရန် သက်ဆိုင်ရာ ဂျပန် အရာရှိကို အမိန့်ဖြင့် တာဝန် ပေးလိုက်သည်။ စင်ကာပူ နိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံရှိ ဂျပန်စစ်တပ် များကို ထောက်ပံ့ရန် ရည်ရွယ်၍ မြန်မာ - ထိုင်း မီးရထားလမ်း (သေမင်းတမန် မီးရထား လမ်း) ဖောက်လုပ်ရန် ပေါ်ပေါက် လာခဲ့သည်။ ဂျပန်တို့သည် ၁၉၄၂ ခုနှစ် ဇွန်လတွင် မီးရထား လမ်း ဖောက်လုပ်ရန် စီမံကိန်း ရေးဆွဲပြီး ဂျပန်ဘုရင့် တပ်မတော် စစ်ဝန်ကြီး ဂျင်နရယ် တိုကျို က မြန်မာ - ထိုင်း မီးရထားလမ်း ဖောက်လုပ်ရန် အမိန့် ထုတ်ပြန် လိုက်သည်။


ထိုင်းနိုင်ငံ နန်ပလာဒက် မှ စတင် ဖောက်လုပ် ထားသော မီးရထားလမ်းသည် ကန်ချာနပူရီ ကို ဖြတ်ပြီးနောက် မြန်မာနိုင်ငံ နယ်စပ် မှ စီးဆင်း လာသော ကွေးနွိုင် မြစ်ပေါ်ရှိ ကွေးမြစ်ကို ဖြတ်သန်း ဖောက်လုပ် ထား၏။ ထို့နောက် မြန်မာနိုင်ငံ နယ်စပ် ဘုရားသုံးဆူ တောင်ကြားလမ်း မှတစ်ဆင့် ၁၉၂၅ ခုနှစ်တွင် ဗြိတိသျှ တို့ ဖောက်လုပ် ခဲ့သော ရန်ကုန် - သံဖြူဇရပ် မီးရထား လမ်းကြောင်း ပေါ်ရှိ သံဖြူဇရပ် ၌ ဆက်သွယ်ရန် ဖြစ်သည်။

မြန်မာ - ထိုင်း မီးရထားလမ်း ဖောက်လုပ် ရာတွင် လုပ်ငန်းများ တစ်ပြိုင်တည်း ပြီးစီးရန် အတွက် ဂျပန်တို့သည် ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နယ်သာလန် နိုင်ငံတို့မှ စစ်သုံ့ပန်း များနှင့် အာဆီယံ နိုင်ငံများ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ် နှင့် အိန္ဒိယ နိုင်ငံတို့မှ အဓမ္မ ဖမ်းဆီး ခေါ်ဆောင် လာခဲ့သော အလုပ်သမား (ဂျပန်တို့မှ ရှိမူဆာ ဟု ခေါ်၍ မြန်မာတို့က ချွေးတပ် ဟု ခေါ်သည်။) နှစ်သိန်းခန့် ကို အသုံးပြု ခဲ့ကြသည်။ ကြောက်မက်ဖွယ် ကောင်းပြီး အလွန် အန္တရာယ် ကြီးမားသော မီးရထားလမ်း လုပ်ငန်းခွင် ဖြစ်သည်။


အဆိုပါ မီးရထားလမ်း ဖောက်လုပ်ရာ လမ်းကြောင်း ပေါ်တွင် တောတောင် လျှိုမြောင်များ အထပ်ထပ် ဝိုင်းပတ်လျက် ရှိသည်။ ကျောက်ဆောင် အမျိုးမျိုး တောင်တန်း အသွယ်သွယ် တို့ကို ဖြိုခွဲ ဖြတ်တောက်၍ တံတားပေါင်း ၃၀၀ ကျော် နှင့် ထောက်တံတား နှစ်မျိုးပေါင်း ၆၆၈ စင်း တည်ဆောက် ရသည်မှာ မဖြစ်နိုင် လောက်အောင် ခက်ခဲလှသည်။ အလုပ်သမားများမှာ အစားအသောက် ရှားပါးခြင်း၊ အဝတ်အထည် မလုံလောက်ခြင်း၊ ရာသီဥတု ဆိုးရွားမှု များကြားတွင် လုပ်ကိုင် ခဲ့ရသည်။ တစ်လအတွင်း လူနာရုပ် ပေါက်ကာ အရိုးပေါ် အရေတင်ပြီး နံရိုး အပြိုင်းပြိုင်း နှင့် မျက်တွင်း ဟောက်ပက် ဖြစ်သွား ကြသည်။

ဂျပန်များသည် လူတို့၏ အသက်ကို တန်ဖိုး မထားဘဲ အဓမ္မစေခိုင်းခဲ့ကြသည်။ မီးရထား လမ်း ဖောက်လုပ်ရာတွင် မဟာမိတ် အကျဉ်းသား ၆၈၀၀၀ ခန့် ပါဝင်၍ ၎င်းတို့အနက် အကျဉ်းသား ၁၆၀၀၀ သေဆုံး ခဲ့ရသည်။ အာဆီယံ နိုင်ငံများမှ အဓမ္မ စေခိုင်း ခံရသော အလုပ်သမား (မြန်မာတို့က ချွေးတပ်သား) ခန့်မှန်းခြေ သုံးသိန်းနီးပါး အနက် ရှစ်သောင်း နှင့် တစ်သိန်း ခန့် သေဆုံး ခဲ့ရသည်။


သေမင်းတမန် မီးရထားလမ်း နိဂုံး
ထို မီးရထားလမ်း ကို ၁၉၄၃ ခုနှစ် အောက်တိုဘာလ တွင် ဘုရားသုံးဆူ တောင်ကြားလမ်း ၏ တောင်ဘက် ၁၈ ကီလိုမီတာ အကွာ ကွန်ကွိုင် မီးရထားလမ်း နှစ်ခုကို ဆက်သွယ် နိုင်ခဲ့သည်။ ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးသတ် ခဲ့သည်။ ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် မြန်မာနိုင်ငံဘက်မှ အခြေခံ စခန်းအဖြစ် သံဖြူဇရပ် ကို သတ်မှတ်၍ ထိုင်းနိုင်ငံ ဘက်မှ အခြေခံ စခန်းအဖြစ် ကန်ချနပူရီ ကို သတ်မှတ်သည်။  မြန်မာနိုင်ငံ ဘက်မှ မီးရထားလမ်း အရှည်သည် သံဖြူဇရပ် မှ ဘုရားသုံးဆူ အထိ ၆၉ မိုင်ခန့် ရှိသည်။ စုစုပေါင်း မီးရထားလမ်း အရှည်မှာ သံဖြူဇရပ် မှ ထိုင်းနိုင်ငံ ဘန်ပေါင် အထိ ၄၁၅ ကီလိုမီတာ ရှိသည်။

ထို သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်စဉ် မဟာမိတ် စစ်အကျဉ်းသား ဦးရေ ၁၆၈၀၀ နှင့် အာဆီယံ နိုင်ငံများမှ လူဦးရေ ၈၀၀၀၀ ခန့်တို့သည် အလုပ် ပင်ပန်းခြင်းဒဏ်၊ ပြင်းထန်သော ရာသီဥတုဒဏ်၊ ကာလ ဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အာဟာရ ချို့တဲ့မှု၊ အဝတ်အစား မလုံလောက်မှု တို့ကြောင့် လူပေါင်း များစွာ သေဆုံး ခဲ့ကြရသည်။ မီးရထားလမ်း တစ်ကီလိုမီတာ၏ တန်ဖိုးမှာ လူ့အသက် ၃၀ ချောင်းနှင့် ညီမျှသည်။ မီးရထားလမ်း ဇလီဖားတုံး အရေအတွက် နှင့် အညီ လူ့အသက်များ ဆုံးရှုံး ခဲ့ရသည်ဟု မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် သမိုင်း ပညာရှင်များက မီးရထားလမ်း အရှည် နှင့် မီးရထားလမ်း ကြောင့် သေဆုံးခဲ့ရသူများကို နှိုင်းယှဉ်၍ ၎င်း မီးရထားလမ်းကို သေမင်းတမန် မီးရထားလမ်း (သို့မဟုတ်) သေရွာသို့ ပို့သော မီးရထားလမ်း ဟု သတ်မှတ်ခဲ့ကြသည်။


အမှတ်တရ စစ်သချုႌင်း
စစ်ကြီး ပြီးသောအခါ မဟာမိတ် တို့သည် မီးရထားလမ်း တစ်လျှောက်ရှိ သေဆုံးခဲ့သူများ၏ အလောင်းများ ကို ပြန်လည် တူးဖော်ပြီး မဟာမိတ် တို့သည် စစ်သင်္ချီုင်းများ တည်ဆောက်၍ အမှတ်ရ အုတ်ဂူများ ပြုလုပ် ပေးခဲ့သည်။ အုတ်ဂူများမှာ ချန်ဂီ ၁၇၄၀ ခု၊ ကန်ချနပူရီ ၆၉၈၂ ခု နှင့် သံဖြူဇရပ် ၌ ၃၇၇၁ ခုရှိသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် သံဖြူဇရပ် ၌ ဇီနသဟာယ စစ်သချုႌင်း ဖွင့်ပွဲ အခမ်းအနားကို ဗိုလ်ချုပ် အောင်ဆန်း နှင့် မြန်မာပြည် ဘုရင်ခံ ဆာဟူးဘန်ရန် တို့ တက်ရောက် ခဲ့ကြပြီး ဗိုလ်ချုပ် အောင်ဆန်း က အင်္ဂလိပ် ဘာသာဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။


ဒုတိယကမ္ဘာစစ် အတွင်းက ကမ္ဘာကျော် သမိုင်းဝင် သံဖြူဇရပ် ရှိ သေမင်းတမန် မီးရထားလမ်း သည် ယခုအခါ သက်တမ်း ၇၄ နှစ်ရှိပြီ ဖြစ်သည်။ နှစ်ပေါင်း မည်မျှ ကြာသည် ဖြစ်စေ သမိုင်းဝင် "သေမင်းတမန် မီးရထားလမ်း" ကိုတော့ မေ့ကြမည် မဟုတ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
____________________________________________
ဦးတင်လှိုင် (မိတ္ထီလာ) | MyMemo


Feb 26.2016 | http://www.mymemo.cf/2016/02/post280.html