နှလုံးရောဂါကာကွယ်ရန် စားသုံးပေးရမည့် အာဟာရဓာတ်များ - Kharann Media

Breaking

နှလုံးရောဂါကာကွယ်ရန် စားသုံးပေးရမည့် အာဟာရဓာတ်များ


ကျန်းမာရေးနှင့်ညီသော အစားအစာများ စားခြင်းဖြင့် နာမကျန်းဖြစ်နိုင်သည့် အန္တရာယ်များမှ ကာကွယ်နိုင်ကြောင်း အားလုံးကြားသိထား ကြပြီးဖြစ်သည်။ လုံလောက်သော အာဟာရဓာတ်များ စားသုံးခြင်းဖြင့် ပြင်းထန် သောရောဂါအများစု မဖြစ်နိုင်ဟု အာဟာရဆိုင်ရာ ဆေးဝါးကျွမ်း ကျင်သူ ဒေါက်တာကားလ်ပီဖီဖာက ပြောသည်။

ကျွန်တော်တို့သည် အကြာကြီး ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ၊ သကြားပါဝင်မှု များသော အစားအစာများနှင့် သဘာဝနှင့်တူအောင် ပြုလုပ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် စားစရာများနှင့် ကြုံတွေ့နေရသည်။ ထို့ပြင် လေ့ကျင့်ခန်းလုပ်ချိန် နည်းပါးပြီး စိတ်ဖိစီးမှု ပိုများ ခြင်း၊ နေရောင်ခြည်နှင့်ထိတွေ့ချိန်နည်းပါးခြင်းတို့ကို ယနေ့ခေတ်မြို့ပြနေ လူသားအများစု ကြုံတွေ့နေရ သည်။

နှလုံးရောဂါသည် ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် လူ သေဆုံးမှုများ၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌လည်း နှလုံးရောဂါကြောင့် သေဆုံးမှုမှာ အများဆုံးဖြစ်သည်။ ထို့ကြောင့် နှလုံး ကျန်းမာရေးကို ထိန်းသိမ်းနိုင်မည့် အစားအစာနှင့် အာဟာရဓာတ်များကို ဖော်ပြပေးလိုက်ပါသည်။

သံလွင်ဆီ၊ အဆီများသောငါးများ၊ အစေ့အဆန်များနှင့် အစေ့မှထုတ်ယူသော ဆီတို့တွင် အိုမီဂါ-၃ ဖက်တီး အက်စစ်များ ပါဝင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်သည်။

အစေ့အဆန်များ၊ အစိမ်းရောင် ဟင်းရွက်များကဲ့သို့ အစားအစာများတွင်ပါဝင်သော မဂ္ဂနီဆီယံဓာတ် လုံလောက်စွာ စားသုံးပေးခြင်းဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါများကို ကာကွယ်နိုင်မည် ဖြစ်သည်။ အသား၊ ဥများနှင့် ငါးများတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် Co-Q10 အာဟာရဓာတ်က နှလုံးသွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။

ထို့ပြင် နေရောင်ခြည်မှ တစ်ဆင့်ရရှိသော ဗီတာမင်ဒီ သည် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း တို့ကို ကာကွယ်ပေး နိုင်သည်။ ငါး၊ မှိုများနှင့် ဥများမှ ဗီတာမင်ဒီ အနည်းငယ် ရရှိနိုင်သော် လည်း နေရောင်ခြည်မှာ အကောင်းဆုံး ဗီတာမင်ဒီ ရင်းမြစ်တစ်ခု ဖြစ်သည်။

ဖရုံစေ့၊ အစေ့အဆန်များနှင့် အခွံမာရေသတ္တဝါများတွင် ပါဝင်သော ဇင့်ဓာတ်သည်လည်း အိုမီဂါ-၃ ကဲ့သို့ပင် နှလုံးရောဂါများကို ကာကွယ်နိုင်သည်။

နောက်ထပ် အရေးကြီးသော ဗီတာမင်တစ်မျိုးမှာ ဗီတာမင် စီ ဖြစ်ပြီး မကောင်းသော ကိုလက်စထရောများ ကို လျှော့ချပေးကာ ကောင်းသော ကိုလက်စထရောများကို တိုးပွားစေသည်။

ဗီတာမင်စီ လုံလောက်စွာ စားပေးခြင်းဖြင့် နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တရာယ်များ ကို လျှော့ချနိုင်သည်။

လတ်ဆတ်သော သစ်သီးများ၊ ဘယ်ရီသီးများနှင့် ကြက်သွန်နီ တို့တွင် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်သည်။
_______________________________________
Source : ကျန်းမာရေးသတင်းများ | Ref: DailyMail

Feb 29.2016 | http://www.mymemo.cf/2016/02/post290.html