နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်အတွက် ဘဏ်လေးခုကို ကနဦးအဆင့် ရွေးချယ်ထား - Kharann Media

Breaking

နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်အတွက် ဘဏ်လေးခုကို ကနဦးအဆင့် ရွေးချယ်ထား



ရန်ကုန်၊ မတ် ၈
ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ခု အနက်မှ ဘဏ် ၄ ခုကို ကနဦးအဆင့်ရွေးချယ်ထားကြောင်း မတ်လ ပထမပတ်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးအပ်ခဲ့သော ဒုတိယအကြိမ် နိုင်ငံခြားဘဏ်ခွဲ လိုင်စင် လျှောက်ထား ခွင့်ကို ဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်အထိ လက်ခံခဲ့ပြီး ထိုင်ဝမ်နိုင်ငံမှ E.Sun Com-mercial Bank၊ တောင်ကိုရီးယား နိုင်ငံမှ Shinhan Bank၊ ဗီယက်နမ်နိုင်ငံမှ BIDV (Bank For Investment and Development of Vietnam) နှင့် State Bank of India တို့ကိုရွေးချယ်လိုက်ခြင်း ဖြစ်ပြီး ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများအရ လိုင်စင်ရနိုင်ငံခြားဘဏ်များသည် ဘဏ်ခွဲတစ်ခုသာ ဖွင့်ခွင့်ရရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ပဏာမရွေးချယ်ခံရသော နိုင်ငံခြားဘဏ်များ အနေဖြင့် ၁၂ လ အချိန်ကာလအတွင်း သတ်မှတ်ထားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရမည် ဖြစ်ပြီး လုပ်ကိုင်ခွင့်ရရှိသော ဘဏ်သည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်းမြှုပ်နှံရမည်ဖြစ်ကာ   နိုင်ငံတော် ဗဟိုဘဏ်ကို ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကျော်ကို အပ်နှံထားရမည် ဖြစ်သည်။

ထို့အပြင် လုပ်ကိုင်ခွင့်ရရှိသော ဘဏ်ခွဲများသည် ပြည်တွင်း ဘဏ်များကဲ့သို့ လုပ်ကိုင်ခွင့်ရရှိမည် မဟုတ်ဘဲ လက်ကားဘဏ်လုပ်ငန်းများသာ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ လုပ်ကိုင်ခွင့် ရရှိသော ဘဏ်ခွဲသည် ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်း ဘဏ်များဖြင့်သာ ပူးပေါင်း လုပ်ဆောင်ရန် ဗဟိုဘဏ်က ကန့် သတ်ထားသည်။

ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းများအရ နိုင်ငံခြားဘဏ်များအနေဖြင့် နိုင်ငံခြားငွေဖြင့် ထုတ်ချေးမည်ဆိုလျှင် နှစ်ဦးသဘောတူ သင့်တော်သည့်နှုန်းထားဖြင့် ထုတ်ချေးနိုင်သော်လည်း ပြည်တွင်း ဘဏ်များနှင့် နိုင်ငံခြား လုပ်ငန်းများကိုသာ ငွေထုတ်ချေးနိုင်မည်ဖြစ်ပြီး ထုတ်ချေးမည့် အတိုးနှုန်းကို ၁ဝ မှ ၁၃ ရာခိုင်နှုန်းကြား သတ်မှတ်ထားကြောင်း သိရသည်။
__________________________________________
မှူးအိမ်ဇော် | popular journal
Mar 9.2016 | http://www.mymemo.cf/2016/03/post334.html