အလွမ်းလေပြည် - Kharann Media

Breaking

အလွမ်းလေပြည်


အလွမ်းလေပြည်
လွန်းထားထား(ဆေးတက္ကသိုလ်)

(က)

         တစ်နေ့တခြား ပူနွေးလောင်မြိုက်လာတဲ့ ကမ္ဘာကြီးရဲ့အလယ် ပင့်သက်မောတွေနဲ့ ချာလည်ရတဲ့အခါ ဟိုးအရင်က လေပြည်လေညင်းလေးတွေနဲ့ အတိတ်ကမ္ဘာဟောင်းကလေးဆီ အတွေးတွေ အလည်အပတ်ရောက်ရမြဲ။ ဟိုတုန်းက ဆိုရင်လေ... ဆိုတဲ့ တမ်းတသံကလေးတိုင်းမှာ လှိုက်လှိုက်လဲလဲ လွမ်းဆွတ်ခြင်းဟာ ရောစွက် ဖုံးလွှမ်းလို့။ အမေနဲ့ စကားစမြည်ပြောတဲ့အခါ ဖြစ်စေ၊ မောင်နဲ့ စကားလက်ဆုံကျတဲ့အခါ ဖြစ်စေ၊ သမီးလေးကို အံ့သြစေခြင်းအလို့ငှါ လက်ဆင့်ကမ်းပြောပြတဲ့အခါ 'ဟိုတုန်းကဆိုရင်လေ' ဆိုတဲ့ စကားလေးဟာ တကယ်ကို လွမ်းမောဖွယ် ကောင်းနေတော့တာပါပဲ။ ခေတ်ကြီးဟာ မယုံနိုင်လောက်အောင် တိုးတက်လျင်မြန်လာတာနဲ့အမျှ အရာရာဟာ မလုံခြုံမှုတွေ၊ ပေါက်ကြားလွယ်မှုတွေ၊ ဗိုင်းရပ်စ်ပိုးလို ထိန်းမနိုင်သိမ်းမရ သတင်း ပျံ့နှံ့လွယ်လွန်းမှုတွေဟာ ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲလေ။ လူတွေရဲ့ စိတ်နှလုံးတွေဟာ နူးညံ့သိမ်မွေ့ခြင်းကင်းလို့ ရက်စက်ကြမ်းရှလာခြင်းဟာ အစစအဆင်မပြေခြင်းရဲ့ ရလဒ်ပေလား။
         'ဟိုတုန်းကဆိုရင်လေ...' ဆိုပြီး တွေးကြည့်မိတဲ့အခါ ကျွန်မတို့ရဲ့ ငယ်ဘဝဟာ မပြည့်စုံသော်လည်း အန္တရာယ်ကင်းခဲ့တာ အမှန်ပဲ။ ကျောင်းကားမလာတဲ့ နေ့ရက်တွေမှာ အသက်ဆယ်နှစ်ဝန်းကျင် မောင်နှမလေးတွေ ကျောင်းရှိရာခရီးဝေးကို ခြေလျင်သွားဖို့ ဘာကိုမှ စိုးရိမ်ကြောက်ရွံ့ဖို့ မလိုခဲ့ဘူး မဟုတ်လား။ အခုခေတ်မှာတော့ ကလေးတွေပျောက်ဆုံးသွားတတ်တဲ့ သတင်းတွေ၊ သက်ငယ်မုဒိမ်းမှုတွေအကြောင်း အလျှံပယ် ကြားမြင်တွေ့နေရတော့ အရာရာကို စိုးရိမ်ပူပန်တဲ့ မျက်လုံးနဲ့သာ ကြည့်မိတတ်တော့တယ်။ သမီးလေးက ကျောင်းနဲ့အိမ်ကို သူ့ဘာသာ ရထားစီးပြီး သွားချင်တယ်လို့ ဆိုတော့ စိတ်ပူမိပြန်ရော။
         'မေမေက သမီးကို မယုံကြည်ဘူး' လို့ သမီးလေးက မကျေနပ်ချင်။
         'သမီးလေးကို မေမေ ယုံပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ လူတွေကို မယုံတော့တာ မေမေ့အမှားလား။ တော်ကြာ ဟိုနေရာမှာ သေနတ်နဲ့ပစ်သွားပြန်ပြီ၊ ဓားနဲ့ထိုးသွားပြန်ပြီ၊ ကားနဲ့လိုက်တိုက်ပြန်ပြီ၊ ကားနဲ့ဖမ်းခေါ်သွားပြန်ပြီ...စသဖြင့် တစ်နေ့တစ်နေ့ သတင်းတွေ ကြားနေရတော့ မေမေဖြင့် ဘယ်သူကိုမှ မယုံနိုင်ဘူး။ လူတွေက ဆယ်ယောက်မှာ ငါးယောက်လောက်က ရူးနေကြတာ သမီးရေ...။ သမီးကို ယုံတယ်၊ ကမ္ဘာကြီးကို မယုံတော့တာ...' လို့ ပြောရပြန်တယ်။ ခုခေတ်မှာ လမ်းလျှောက်နေရင်တောင် နောက်နားလူကပ်လာရင် စိတ်နှလုံး မလုံခြုံ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ခေတ်လေ။ ပခုံးကလေး လာတို့ရင်တောင် တို့ဆေးများလားလို့ သံသယဝင်ရတဲ့ ခေတ်ဖြစ်နေပြီလေ။


(ခ)

         ဟိုအရင်ခေတ်တုန်းကများဆို ခုခေတ်လို ဖေ့စ်ဘွတ်ခ်ဆိုတာလည်း မရှိတော့ ကျွန်မတို့ရဲ့ စိတ်အပန်းဖြေစရာဟာ စာအုကယပ်အငှါးဆိုင်ကလေးတွေနဲ့ ရေဒီယိုက လာတဲ့ သီချင်းတွေ၊ ဇာတ်လမ်းပမာတွေ၊ တီဗွီပေါ်လာတော့ စတီရီယိုသီချင်းလေးတွေ၊ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေဟာ တရှိုက်မက်မက် စွဲလမ်းတမ်းတရတဲ့ အသည်းစွဲစရာ ဖျော်ဖြေရေးတွေပေါ့။ ညနေခင်းဆို အပျိုမ သူငယ်ချင်းတစ်သိုက် ရေမိုးချိုး သနပ်ခါးပါးပါးလိမ်းလို့ ဆံပင်ရှည်ရှည်ကလေးတွေ လေပြည်ထဲမှာ တလွင့်လွင့်ယိမ်းနေအောင် ဖားလျားချလို့ ထမီတိုတိုဝတ်လို့ လမ်းထိပ်စာအုပ်ဆိုင်ကို စာအုပ်ငှါး ထွက်ကြတာဟာ အပျိုမတို့ရဲ့ ရင်ခုန်ပျော်ရွှင်စရာ ဓလေ့ကလေးတစ်ခု။ လမ်းထိပ်ရေမြောင်းကန်ဘောင်ပေါ်မှာ ကောင်လေးတချို့က အရိပ်တကြည့်ကြည့်ပေါ့။ သီချင်းသံ ပျံ့လွင့်နေတဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်မိရင်တော့ ခြေလှမ်းတွေ မှားမတတ်ဖြစ်ရစမြဲ။ လေချွန်သံကလေးတွေ၊ သီချင်းတိုးတိုး စောင်းမြောင်းသီဆိုသံကလေးတွေ ကြာရမယ်လေ။ ဟိုခေတ်တုန်းက ကောင်လေးတွေရဲ့ မိန်းကလေးတွေအပေါ် တန်ဖိုးထားမှုဟာ ဒီခေတ်နဲ့ မတူဘူးလေ။ ဟိုတုန်းကဆို ကြိုက်တဲ့မိန်းကလေးကို အရိပ်ကလေး မြင်ရရုံ၊ စောင့်ကြည့်ရုံ၊ နောက်နား ခြေလှမ်းဆယ်လှမ်းလောက် အကွာကနေ ခပ်ခွာခွာလိုက်ကြည့်ရုံ၊ ဒီထက်ပိုပြီး ရဲတင်းသွက်လက်မယ်ဆိုရင် စာလိုက်ပေးရုံ၊ စကားလိုက်ပြောရုံထက် မပို။ ဒါတောင် မိန်းကလေးရဲ့ ဣန္ဒြေကို တော်တော်ထိပါးလှပြီလေ။
         ခုခေတ်မှာတော့ Online ကနေ ချစ်သူဖြစ်ဖို့ သိပ်မြန်တာပဲ။  အပြင်မှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးတဲ့ လူတစ်ယောက်ကို ဘယ်သူဘယ်ဝါမှန်း၊ ဘယ်မှာနေမှန်း၊ ဘာအလုပ်လုပ်မှန်း သေသေချာချာ ဂဃနဏ မသိဘဲ ယုံကြည်လွယ်မိလို့ မှားယွင်းဘဝပျက်ရတဲ့ ဇာတ်လမ်းတွေ ကြားရပေါင်းများပြီ။ အစစ်ဆိုတာ ရှားပါးလာတာနဲ့အမျှ ပုံရိပ်အတု၊ အချစ်အတု၊ နှလုံးသား အတုတွေနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ မုဆိုးတွေဟာ လွယ်ကူတဲ့သားကောင်ကလေးတွေကို ရှာဖွေဖျက်ဆီးဖို့ သိပ်လွယ်တဲ့ခေတ်ပေါ့။ အယုံလွယ်သူ ကလေးတွေ တချို့ အသက်တောင် စတေးရပါသေးတယ်လေ။


(ဂ)

         ဟိုတုန်းကဆိုရင်လေ အိမ်ရဲ့ဧည့်ခန်းထဲမှာ၊ ဝရန်တာလေးတွေမှာ သားအမိ သားအဖ ဇနီးမောင်နှံ စုံတွဲလေးတွေ မျက်နှားချင်းဆိုင်လို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ စကားလက်ဆုံကျ ရယ်မောသံလေးတွေ ဆူညံခဲ့ဖူးတယ်။ မီးပျက်တဲ့အချိန်တွေမှာ လရောင်ကြယ်ရောင်အောက် လမ်းအပေါ်မှာ စိန်ပြေးတမ်း၊ ထုပ်ဆီးထိုးတမ်း ကစားကြတဲ့ကလေးတွေရဲ့ အသံတွေနဲ့ မီးမလာခြင်းဟာ စိတ်ပျက်ဒေါသထွက်စရာ ပေါက်ကွဲစရာအဖြစ်မျိုး မဟုတ်ခဲ့ဘူး။ အမှောင်ထဲမှာ ဖယောင်းတိုင် မီးအလင်းကလေးနဲ့ စကားစမြည်ပြောရတာကိုက အရသာ တစ်ခုလေ။ အဲကွန်းဆိုတာ ဘယ်မှာနေမှန်း မသိခဲ့ပါဘူး။ သဘာဝ လေပြည်အေးလေးဟာ မက်မောစဖွယ် ကောင်းလွန်းနေခဲ့တယ်။ ယပ်တောင်လေးတွေ တဖျပ်ဖျပ်ခတ်လို့ ဒုက္ခရယ်လို့ မငြူစူမိခဲ့ကြဘူး။ မီးပြန်လာချိန်မှာတော့ ဟေးခနဲ့ ဝိုင်းအော်လိုက်သံတွေဟာ တစ်ရပ်ကွက်လုံး ညံလို့ပေါ့။ ခုခေတ်များတော့လေ အိမ်တိုင်းရဲ့ ဧည့်ခန်းမှာ လူတွေ ထိုင်တော့ထိုင်နေကြပါရဲ့၊ မိသားစု စကားလက်ဆုံကျဖို့ထက် များပြားလှတဲ့ ရုပ်သံမီဒီယာလိုင်းတွေရဲ့ ညှို့မြူဆွဲဆောင်မှုအောက်မှာ မျက်လုံးတွေက ဖန်သားပြင်ထက်မှာ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ် စတဲ့ လူမှု့ကွန်ယက်ထဲက ညှို့ငင်မှုတွေ အလယ်မှာ၊ စိတ်အာရုံတွေက ဖုန်းစကရင်မ်တွေ ကိုယ်စီပေါ်မှာ၊ သံလိုက်ဓာတ်လို ဆွဲငင်အားကောင်းလှတဲ့ ဂိမ်းတွေဆီမှာ ခေါင်းမဖော်စတမ်း စိုက်နစ်ဝင်နေကြပြီ။ ဒီခေတ်ထဲမှာ ခေတ်အမီဆုံး ရောဂါကတော့ မျက်စိမှုန်လာခြင်းနဲ့ ဇက်ကြော ကျီးပေါင်းတက်ရောဂါတွေ ဖြစ်လာတော့မှာ သေချာလို့နေပြီလေ။ အရင်တုန်းကဆိုရင် လူတွေတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားမှု ရှိကြသလောက် ခုများတော့ ဖေ့စ်ဘွတ်ခ်ထဲမှာ အပြောင်မြောက်ဆုံး ဆဲသံနွေ တညံညံရယ်။ လူချင်း မျက်နှာချင်းဆိုင်ပြီး ပြောမထွက်တဲ့ စကားတွေ၊ အဆဲတွေ၊ ကျိန်စာတွေကို ဖေ့စ်ဘွတ်ခ်ကော်မန့်အကွက်ကလေးမှာ ရက်ရက်စက်စက် ပျစ်ပျစ်နှစ်နှစ် ရေးချလိုက်ဖို့ ဝန်မလေးကြတော့ဘူး။ လူတို့ရဲ့ယဉ်ကျေးမှုလည်း ထူးဆန်းစွာ ပါးလျပျောက်ကွယ်စပြုလာခဲ့ပြီ။


(ဃ)

         ဟိုးအရင်တုန်းကဆိုရင် ဆေးရုံတွေ ဆေးခန်းတွေမှာ လူတွေ အခုလို စည်ကားမနေပါဘူး။ ဆေးခန်းလေးတွေဟာ တိတ်တိတ်ဆိတ်ဆိတ်ရယ်။ ဆေးရုံတွေဆိုလည်း လူကြိတ်ကြိတ်တိုးမနေဘူး။ ကဲန်ဆာဆိုတဲ့အသံကို လှိုင်လှိုင်ကြီး မကြားဖူး မရင်းနှီးခဲ့ရဘူး။ နှလုံးသွေးကြောပိတ်၊ အသည်းအဆီဖုံး စတဲ့ ရောဂါမျိုးတွေ ဖောဖောသီသီ မရှိခဲ့ဖူးဘူး။ ဟိုးအရင်က ဆီတွေဟာ သန့်ရှင်းလတ်ဆတ်လို့၊ အသီးအနံှတွေဟာ သဘာဝအတိုင်းသေးကွေးပေမဲ့ ချိုမြလတ်ဆတ်တယ်။ ပလတ်စတစ်အိတ်တွေ ဖော့ဘူးတွေအစား ခေါက်ဆွဲကြော်ဆို အင်ဖက်နဲ့ထုပ်ပြီး နှီးကြိုးစည်းပေးခဲ့တာကို မှတ်မိသေးတယ်။ မုန့်ဟင်းခါး၊ လက်ဖက်ရည် ဆိုင်မှာ ထွက်ဝယ်ရင် ကိုယ့်အိမ်က ဒန်ချိုင့်ကလေးတွေ ဆွဲသွားတတ်တယ်။ ဟိုးအရင်က လူတွေရဲ့မျက်နှာပေါ်မှာ နွေးထွေးပျူငှါတဲ့ အပြုံးကလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်နှစ်လိုစွာ နှုတ်ဆက်တတ်ကြတယ်။ အိမ်တစ်အိမ်မှာ သူခိုးဝင်ရင် လမ်းလုံးကျွတ် သူခိုးကို ငြာသံပေးပြီး ဝိုင်းဖမ်းပေးတတ်ကြတယ်။ အခုများတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင် အေးစက်အသက်မဲ့နေတတ်တယ်။ သူများဒုက္ခကို ကိုယ်နဲ့မဆိုင်သလို  ဥပက္ခထားတတ်လာတယ်။ လမ်းဘေးမှာ ရန်ပွဲဖြစ်ရင် ဖျန်ဖြေပေးဖို့ထက် ဖုန်းနဲ့ ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ်တင်ဖို့သာ အာရုံစိုက်လာတတ်တော့တယ်။ လူတို့ရဲ့နှလုံးသားဟာ အေးစက်ကြမ်းရှလို့ လာခဲ့ပြီလား။ ( ဒါပေမဲ့လည်း ခုခေတ်မှာ အင်မတန်လှပတဲ့ ပရဟိတ နှလုံးသားပိုင်ရှင်တွေ အလျှိုအလျှို ပေါ်ပေါက်လာတာကိုတော့ လှိုက်လှိုက်လဲလဲ လေးစားတန်ဖိုးထားမိပါတယ်။)
         မျက်စိရှေ့မှာ ရင်မောစရာတွေ မြင်ရတဲ့အခါတိုင်း ဟိုးတုန်းက လေပြာ်လေညင်းကလေးတွေကို တမ်းတမ်းတတ ပြန်သတိရတတ်ခြင်းဟာ ရင်အပူကို ရေအေးအေးလေး တစ်ကျိုက်သောက်လိုက်ရသလို သက်သာ ပြေလျှော့စေပါတယ်။ ကမ္ဘာကြီး တစ်နေ့တခြား ပူနွေးလာသလို လူတွေရဲ့နှလုံးသားတွေလည်း ခြောက်သွေ့ရှတလာခဲ့ချိန်မှာ စိတ်အစဉ်ကို ဟိုးတစ်ချိန်ကာလတစ်ခုဆီပို့ပြီး ပြန်တမ်းတ လွမ်းမောရတာကိုက အရသာတစ်ခု ဖြစ်လာပြန်ရော။   ။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ပါစေ
မေတ္တာအားဖြင့်...

လွန်းထားထား(ဆေးတက္ကသိုလ်)
#ရွှေအမြုတေမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၁၉
ရေးတင်သူ- ခိုင်နီလာမောင်