
မိန်းကလေး တိုင်းက ဓမ္မတာ မလာတဲ့အခါနှင့် ပုံမှန် မဟုတ်တဲ့ အချိန်တွေမှာတော့ စိုးရိမ်တတ်ကြပြီး အဖြူဆင်းခြင်း ကိုတော့ အများစုက လျစ်လျူရှုတတ်ကြပါတယ်။ တကယ်တော့ ဓမ္မတာသွေးကလည်း အရေးကြီးသလို အဖြူဆင်းခြင်းကိုလည်း ဂရုစိုက်သင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ အဖြူဆင်းနေခြင်းနဲ့ အရောင်ပြောင်းနေခြင်းက ဘယ်လို ဆိုးကျိုးတွေ ရှိနေလဲဆိုတာကို သတိထားသင့်ပါတယ်။ ဒါ့ကြောင့် အဖြူဆင်းခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာများကို တင်ဆက်ပေးလိုက်ပါတယ်။
ဘယ်လို အချိန်တွေမှာ အဖြူဆင်းတတ်လဲ
မိန်းကလေးတိုင်း က အဖြူဆင်း လေ့ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်တော့ အဖြူဆင်း ပုံခြင်း မတူပါဘူး။ ရာသီစက်ဝိုင်းပေါ် မူတည်ပြီး အဖြူဆင်းတတ်ပါတယ်။ အဖြူဆင်းတဲ့အခါမှာ အရောင်က အဖြူရောင် အကြည်အရောင်လည်း ဖြစ်တတ်သလို နို့နှစ်ရောင်လည်း ဖြစ်နိုင်ပါတယ်။ ဓမ္မတာ လာပြီးတဲ့ အချိန်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာလည်း အဖြူဆင်းတတ်ပါတယ်။ ကိုယ်ခံအား နည်းတဲ့အခါမှာလည်း အဖြူဆင်းတတ်ပါတယ်။
အဖြူဆင်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ
– မိန်းမကိုယ် ယားခြင်း
– မိန်းမကိုယ် ပူနေခြင်း
– မိန်းမကိုယ် ရောင်ရမ်းခြင်း
– အနံ့ မကောင်းခြင်း
– အဖြူ အပျစ်၊ အခဲများ ဆင်းခြင်း
အဖြူဆင်းတာက ပုံမှန် မဟုတ်ဘဲ အများကြီး ဆင်းနေပြီ ဆိုရင်တော့ မိန်းမကိုယ်ကို ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဒီလို ပိုးဝင်ခြင်းက လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ် ပိုးဝင်တဲ့အခါ ပုံမှန် အရောင်လို မဟုတ်ဘဲ စိမ်းဖန့်ဖန့် အရောင်မျိုး ဖြစ်နေတတ်ပြီး အရည်ရော အပျစ်ရော ဆင်းတတ်ပါတယ်။ အများသုံးအိမ်သာများ အသုံးပြုခြင်း၊ ပွေ့ဖက် နမ်းရှုံ့ခြင်းမှ တစ်ဆင့် မကူးစက်နိုင်ပါဘူး
မိန်းမကိုယ် ပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကတော့ –
– လမစေ့ဘဲ ကလေးမွေးခြင်း
– ကလေး ပေါင် မပြည့်ခြင်
– မွေးလမ်းကြောင်းကနေတစ်ဆင့် ကလေးကိုပါ ကူးစက်နိုင်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
ဒီလို ရောဂါ ပိုး ရှိ၊ မရှိကို ပိုပြီး သေချာစေရန်အတွက် အဖြု အချွဲကို ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။ လိုအပ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ ဆေးကုသမှု ခံယူတဲ့အခါမှာလည်း ကိုယ်တိုင်ရော ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုပါ တစ်ပြိုင်တည်း ဆေးကုသမှု ခံယူသင့်ပါတယ်။
ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး မိန်းကလေးတိုင်း အဖြူဆင်းတဲ့အခါ သတိထားနိုင်စေဖို့ ထပ်မံ အကြံပြုလိုက်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေရှင်။
Credit : myanmar load