သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ - Kharann Media

Breaking

သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ


သောမတ်အက်ဒီဆင်လို့ ပြောလိုက်တာနဲ့ ကမ္ဘာကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ နာမည်ကျော် တီထွင်သူ၊ သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သိပြီးသားဖြစ်မှာပါ။ ဓာတ်စက်၊ ရုပ်ရှင်ကင်မရာနဲ့ နေ့စဉ်သုံး လျှပ်စစ်မီးလုံးတို့က အက်ဒီဆင်ရဲ့ ထင်ရှားကျော်ကြားလှတဲ့ တီထွင်မှုတွေပဲဖြစ်ပါတယ်။ အက်ဒီဆင်ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ တီထွင်မှုအများဆုံး ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိသျှပြည်ထောင်စုနဲ့ ဂျာမနီနိုင်ငံတို့မှာ သူ့နာမည်နဲ့ မူပိုင်ခွင့်ပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒီလိုအောင်မြင်ကျော်ကြားတဲ့ သိပ္ပံပညာရှင် သောမတ်အက်ဒီဆင်ဆီ ပြောခဲ့တဲ့ အောင်မြင်မှု သင်ခန်းစာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ မဖြစ်နိုင်တာ မရှိပါဘူး။
“စိတ်ကူးကို အကောင်အထည်ဖော်နိုင်သူတိုင်းဟာ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့အခါ စိတ်ပျက်အားငယ်တတ်ကြတယ်။ ဒီနေရာက စိတ်ပျက်အားငယ်နေရမယ့် နေရာမဟုတ်ဘူး”
မဖြစ်နိုင်ဘူးဆိုတာက စိတ်ပျက်စရာမဟုတ်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာတွေက အောင်မြင်မှုနဲ့ ကျောချင်းကပ်လို့ ဆိုနိုင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတားအဆီးတွေကို ကျော်ဖြတ်နိုင်ရင် အောင်မြင်မှုက သင့်အတွက်ပါပဲ။ ဒါ့ကြောင့် မဖြစ်နိုင်ဘူးထင်ရတိုင်း စိတ်ပျက်အားငယ်မနေပါနဲ့။ အာရုဏ်မတက်ခင်အချိန်က အမှောင်မိုက်ဆုံးဆိုတာက နားလည်ထားပါ။

၂။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။
“ပါရမီရှင်ဖြစ်လာဖို့ဆိုတာ ဉာဏ်ရည်ကွန့်မြူးမှု (၁)ရာခိုင်နှုန်းနဲ့ ချွေးစက်(၉၉)ရာခိုင်နှုန်း ပေါင်းစပ်ထားတာဖြစ်တယ်”
လူအများစု အခွင့်အရေးကို ဆုံးရှုံးလိုက်ကြတာဟာ ပင်ပန်းခက်ခဲတယ်လို့ ထင်ရတာကြောင့် ဖြစ်တယ်လို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ အလုပ်မကြိုးစားပဲ အောင်မြင်မှုဆိုတာ ရှိမလာနိုင်ပါဘူး။ အောင်မြင်မှုဆိုတာ သွေးချွေးနဲ့ ရင်းပြီး တည်ဆောက်ရတာဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့သူဆီကိုပဲ အောင်မြင်မှုရ ရောက်လာမှာဖြစ်ပါတယ်။

၃။ လုပ်နိုင်စွမ်းကို အသုံးချပါ
“ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် အံ့အားသင့်ရပါလိမ့်မယ်။”
လူအများစုက အမှန်တကယ်လုပ်နိုင်စွမ်းထက် လျော့နည်းပြီး လုပ်ကြပါတယ်။ ဘယ်သောအခါမှ အားကုန်ထုတ်ပြီး လုပ်ဆောင်လေ့မရှိတဲ့အတွက် ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မသိကြပါဘူး။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုကို သိရှိတတ်မြောက်ထားပြီး နှစ်ပေါင်းများစွာ အာရုံစိုက်လုပ်ဆောင်မယ်ဆိုရင် အံ့သြစရာကိစ္စတွေ လုပ်နိုင်လာပါလိမ့်မယ်။ ဒီအခါမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကိုယ်ကိုယ်တိုင် အံ့သြလို့ဆုံးမှာ မဟုတ်ပါဘူး။

၄။ သီးသန့်နေတတ်ပါစေ
“အကောင်းဆုံး စဉ်းစားတွေးခေါ်မှုတွေကို တစ်ဦးတည်းရှိချိန်မှာပဲ လုပ်ဆောင်နိုင်တယ်”
ဟုတ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာပဲ အကောင်းဆုံး အကြံဉာဏ်တွေကို ရရှိနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကိုပဲ ဆွေးနွေးနေတဲ့ လူတွေကြားထဲမှာ မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ဖို့ စဉ်းစားတွေးခေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ဦးတည်းအေးချမ်းတိတ်ဆိတ်စွာ စဉ်းစားနိုင်မယ့်နေရာကို သွားပါ။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို သိမြင်လာပါလိမ့်မယ်။

၅။ မနားမနေအလုပ်လုပ်ပါ
“မနားမနေအလုပ်လုပ်ခြင်းက ရောင့်ရဲမှုမရှိခြင်းဖြစ်ပြီး ရောင့်ရဲမှုမရှိခြင်းက တိုးတက်မှုရဲ့ လိုအပ်ချက်ဖြစ်တယ်”
အလုံးစုံကျေနပ်နေသူတစ်ယောက်ဆိုတာ ကျရှုံးမှုတစ်ခုပဲလို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေနဲ့ တင်းတိမ်ရောင့်ရဲနေသမျှ တိုးတက်မှုရှိလာမှာ မဟုတ်ပါဘူး။ မရောင့်ရဲ မတင်းတိမ်နိုင်မှ တိုးတက်မှုရှိလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန် ပေါင်(၃၀)လောက် ပိုများနေတာကို အဆင်ပြေနေတာပဲလို့ မှတ်ထင်ထားသမျှ ခန္ဓာကိုယ်အချိုးအစား ဘယ်တော့မှပြောင်းလဲ လျေ့ာကျသွားမှာ မဟုတ်ပါဘူး။

၆။ မြင်အောင်ကြည့်မှ အောင်မြင်မှာဖြစ်ပါတယ်။
“ကျွန်တော် ဘယ်တော့မှမကျရှုံးခဲ့ဖူးဘူး။ အလုပ်မဖြစ်တဲ့နည်းလမ်းတွေကိုပဲ တွေ့ခဲ့တာပါ”
ကိစ္စတစ်ခုကို ရှုမြင်သုံးသပ်မှုက အရေးကြီးပါတယ်။ ဟုတ်ပါတယ်။ ရလဒ်လို့ မေးရင် အလုပ်မဖြစ်ဘူးဆိုတာကို သိလိုက်ရတာကလည်း ရလဒ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝကိုလည်း ဒီလိုပဲ ရှုမြင်နိုင်ဖို့ လိုပါတယ်။ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေလို့ မြင်မယ့်အစား အလုပ်မဖြစ်၊ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို တွေ့ရှိခဲ့တယ်လို့ သဘောထားနိုင်ဖို့ လိုပါတယ်။ ဒီလိုမြင်တတ်ရင် အလုပ်ဖြစ်မယ့်နည်းလမ်းကို တွေ့တဲ့အထိ ဆက်လက်လုပ်ဆောင်ရင်း အောင်မြင်မှုကို ရရှိလာမှာဖြစ်ပါတယ်။

၇။ အလုပ်ကြိုးစားပါ၊ ဇွဲလုံ့လရှိပါ၊ ဆင်ခြင်တုံတရားရှိပါ
“ဘယ်အရာမဆို စွမ်းဆောင် အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အရာသုံးခုက အလုပ်ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ ဆင်ခြင်တုံတရား ပဲဖြစ်တယ်”
အလုပ်ကြိုးစားမှုဟာ အောင်မြင်မှုရဲ့ အခြေခံဖြစ်ပါတယ်။ အလုပ်မကြိုးစားချင်ဘူးဆိုရင် အောင်မြင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘယ်သူကမှ လွယ်လွယ်လေးနဲ့ အောင်မြင်ခဲ့တယ်လို့ မပြောပါဘူး။ နောက်ထပ် အရေးကြီးတာက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ရှိဖို့ ဖြစ်ပါတယ်။ စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် ဘယ်တော့မှ အာရုံစူးစိုက်မှု မပျက်သွားပါစေနဲ့။ နောက်ဆုံးအချက်ကတော့ ဆင်ခြင်တုံတရားရှိဖို့ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ဆင်ခြင်သုံးသပ်တတ်ဖို့ လိုပါတယ်။

Gentleman Magazine