
လူတိုင်းမှာ ကြိုးစားပြီး အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် တချို့အိပ်မက်တွေက လွယ်လွယ်နဲ့မရနိုင်ဘဲ ဈေးကြီးနေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အနေအထား၊ ကိုယ်ဖြစ်ချင်တဲ့ အရာတွေက ဈေးကြီးလို့ဆိုပြီး မကြိုးစားဘဲ လက်မလျှော့လိုက်သင့်ပါဘူး။ ကိုယ်တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။ ဈေးကြီးတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ဝင်ငွေကို အကျိုးရှိရှိ စုဆောင်းထားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို အကြံပြုဖော်ပြချင်ပါတယ်။
(၁) ပစ္စည်းတစ်ခုချင်းအတွက် ကိုယ်သုံးမယ့် ပမာဏကို သတ်မှတ်ပါ
ကိုယ့်ရဲ့တစ်ကိုယ်စာ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တဲ့အခါ အင်္ကျ ီ၊အဝတ်အစားဆိုရင် ဘယ်လောက်တန်ထဲကဝယ်မယ်၊ ဖိနပ်အတွက် ဘယ်လောက်ပဲသုံးမယ် ဆိုတာမျိုးသတ်မှတ်ထားပါ။ လူတိုင်းကတော့ အကောင်းဆုံးပစ္စည်းတွေပဲသုံးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်လတည်း ဈေးကြီးတာတွေအားလုံးမဝယ်ဘဲ တလှည့်စီဝယ်ပါ။ ဒီလမှာ အဝတ်အစားဝယ်ရင်၊ နောက်လမှ skin care ဝယ်တာမျိုးပေါ့။ဒီလိုလုပ်တာက တစ်လထဲအားလုံးဝယ်ပြီး ပိုက်ဆံတွေအားလုံးသုံးလိုက်တာထက် ပိုကောင်းပြီး ပိုက်ဆံလည်းစုမိနိုင်ပါတယ်။
(၂) တစ်နေ့ချင်း အသုံးစရိတ်ကို သတ်မှတ်ပါ
ကိုယ့်ရဲ့လစာက တစ်ရက်ချင်းဝင်ငွေအနေနဲ့ဆို ဘယ်လောက်ရှိလဲတွက်ပါ။ တစ်နေ့အသုံးစရိတ်က အဲ့ဒီပမာဏထက်မများဖို့လိုပါတယ်။ တစ်လစာအခွန်အခ၊ မီတာခ၊ စတာတွေကိုဖယ်ပြီး ကျန်တဲ့အထဲကနေ တစ်ရက်ဘယ်လောက်သုံးရမလဲတွက်ရမှာဖြစ်ပါတယ်။ တစ်နေ့တာသုံးသင့်တာထက်ပိုသုံးမိရင် နောက်တစ်နေ့ကျခြွေတာရပါမယ်။ ပိုမသုံးတာတော့ အကောင်းဆုံးပါ။
(၃) လိုချင်တာနဲ့လိုအပ်တာကိုခွဲခြားပါ
အင်္ကျ ီအသစ်လိုချင်ပေမယ့် မလိုအပ်ဘဲမဝယ်ပါနဲ့။ ပွဲတက်ဖို့ရှိလို့၊ အကြောင်းတစ်ခုခုရှိလို့ ဝယ်ရမယ်ဆိုမှ ဝယ်ပါ။ အဲ့ဒီအခါမှာလည်း တကယ်ဝယ်မယ်လို့ ဆုံးဖြတ်ထားတာကိုပဲဝယ်ပါ။ ဈေးချထားလို့၊ တန်လို့၊ တစ်ထည်လောက်ဝယ်လည်းဘာမှမဖြစ်ပါဘူးဆိုပြီး အပိုမဝယ်မိအောင်ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လိုချင်တိုင်းဝယ်နေရင် ပိုက်ဆံစုမိဖို့ သိပ်မဖြစ်နိုင်ပါဘူး။
(၄) မလိုတာတွေကိုပြန်ရောင်းထုတ်ပါ
အခုခေတ်မှာ ကိုယ်မသုံးတော့တဲ့ second hand တွေကို ပြန်ရောင်းလို့ရတဲ့ website တွေရှိနေပါပြီ။ ကိုယ်အသုံးမလိုတော့တာတွေကို ဒီတိုင်းအလဟဿဖြစ်ပြီး ပျက်စီးခံမယ့်အစား ဝင်ငွေနည်းနည်းပဲရရပြန်ရောင်းထုတ်ပါ။ ဒီလိုရောင်းဖို့ ပစ္စည်းတွေကို အစတည်းက တရိုတသေကိုင်ဖို့တော့လိုပါတယ်။
(၅) အသစ်တွေချည်းထပ်ထပ်မဝယ်ပါနဲ့
ကိုယ်အသုံးလိုတဲ့ပစ္စည်းတစ်ခုကို ကိုယ့်မှာရှိပြီးသားတွေနဲ့ဘယ်လိုအစားထိုးသုံးမလဲဆိုတာအရင်စဉ်းစားပါ။ အဟောင်းတစ်ခုနဲ့အစားထိုးအသုံးပြုလို့ အဆင်မပြေနိုင်တော့မှ ပစ္စည်းအသစ်ကိုဝယ်ပါ။ တစ်ခုခုလိုတိုင်း အသစ်တွေထပ်ထပ်ဝယ်တာက အများကြီးအလေအလွင့်ဖြစ်စေနိုင်ပါတယ်။
(၆) ဘယ်အတွက် အများဆုံးသုံးမလဲ စဉ်းစားပါ
တစ်လတာအသုံးစရိတ်ထဲမှာ စား၊ဝတ်၊နေရေးအတွက် သုံးတဲ့အခါ အစားအစာအတွက်အများဆုံးသုံးမှာလား၊ အဝတ်အစားအတွက်များများသုံးမှာလား၊ အိမ်စရိတ်၊သွားရေးလာရေးအတွက်(ဆီဖိုး ဒါမှမဟုတ် တက္ကစီခ) များများသုံးမှာလား စသဖြင့် ဆုံးဖြတ်ထားပါ။ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာမို့ ကိုယ့်အကြိုက်နဲ့လိုက်ပြီး သတ်မှတ်နိုင်ပါတယ်။ အစားအသောက်ကြိုက်တဲ့သူက အစားအသောက်အတွက်များများသုံးမှာဖြစ်သလို၊ ဖက်ရှင်ကြိုက်တဲ့သူက ဖက်ရှင်အတွက်သုံးပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ပမာဏထက်တော့ မများဖို့လိုပါတယ်။
Credit : auntymay