ဘဝမှာ အောင်မြင်ချမ်းသာချင်ရင် ဒီအချက်တွေ ရှောင် - Kharann Media

Breaking

ဘဝမှာ အောင်မြင်ချမ်းသာချင်ရင် ဒီအချက်တွေ ရှောင်



ဆင်းရဲတယ်ဆိုတဲ့စကားလုံးဟာ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ငွေကြေးပမာဏနဲ့ ဆက်နွယ်နေတယ်လို့ အများစုက သိထားကြပါတယ်။ ဒါပေမယ့် ဒီထက်မက ဆက်နွယ်နေတာတွေ ရှိပါသေးတယ်။ များသောအားဖြင့် ငွေကြေးဆင်းရဲသူတွေမှာ ခံယူချက်လည်း ဆင်းရဲတာကို တွေ့ရပါတယ်။ ချွင်းချက်တစ်ချို့တော့ရှိပေမယ့် အများစုကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလို အရှုံးသမားခံယူချက်တွေကို မကျင့်သုံးမိအောင် ရှောင်ရှားနိုင်မှ ငွေကြေးအရသော်လည်းကောင်း နာမည်အရသော်လည်းကောင်း အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၁။ ပြဿနာကိုပဲ မြင်ပြီး အဖြေမရှာတတ်ခြင်း
လူတိုင်းမှာ ဘယ်အချိန်မဆို ပြဿနာတွေ ရှိလာတတ်ပါတယ်။ ဒါပေမယ့် အောင်မြင်သူတွေနဲ့ အရှုံးသမားတွေကြားက အဓိကကွာခြားချက်ကတော့ အရှုံးသမားတွေဟာ အဖြေရှာဖို့ထက် ပြဿနာကိုပဲ အာရုံစိုက်ပူပန်နေတတ်ကြတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကားတိုက်မှုတစ်ခုဖြစ်တယ်ဆိုရင် အရှုံးသမားတွေက နောက်ထပ်သုံးရက်လောက်အထိ ကားတိုက်မှုအကြောင်းပြဿနာကို ပြောနေကြပေမယ့် အောင်မြင်သူတွေကတော့ ချက်ချင်းပဲ အာမခံကုမ္ပဏီကို အကြောင်းကြားမယ်၊ ကားပြင်ဆင်ဖို့အတွက် လုပ်မယ် စသဖြင့် လုပ်စရာရှိတာတွေကို လုပ်သွားမှာဖြစ်ပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ကိစ္စကို ပြောင်းလဲလို့ မရပါဘူး။ ဒါပေမယ့် အရေးကြီးတာတွေကို အာရုံစိုက်ပြီး ဖြေရှင်းတတ်ဖို့ လိုပါတယ်။

၂။ အကြံဉာဏ်ပေးတတ်ပေမယ့် ချပြစရာအတွေ့အကြုံမရှိခြင်း
ကိုယ်တိုင်က ဘာမှမဟုတ်ပဲ အခြားသူတွေကို ဆရာကြီးလုပ် အားပေးနေသူတွေကို မြင်ဖူးပါသလား။ ပြောရရင် ဆင်းရဲသား အရှုံးသမားတွေမှာ အခြားသူတွေကို စီးပွားရေးဆိုင်ရာအကြံဉာဏ်တွေပေးပြီး အားပေးနိုင်စရာ အတွေ့အကြုံတစ်ခုမှ မရှိပါဘူး။ ဒီလိုတွေ ပြောနေတာဟာ အောင်မြင်သူတစ်ယောက်အဖြစ် လူအထင်ကြီးခံချင်တဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။

၃။ မရှိတဲ့ ပိုက်ဆံကို သုံးခြင်း
ဆင်းရဲသားအရှုံးသမားတွေမှာ သူတို့ရဲ့ပိုက်ဆံကို စနစ်တကျသုံးစွဲဖို့ အသုံးစရိတ်အစီအစဉ်တွေ ချမှတ်ထားတတ်ပြီး ဒီလိုချမှတ်ထားတာဟာ ငွေကြေးအဆင်ပြေဖို့အတွက် အရေးကြီးကြောင်း ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုပြောတတ်သူအများစုက သူတို့ပြောသလို စနစ်တကျသုံးစွဲဖို့ထက် ဝင်ငွေ လက်ထဲမရောက်ခင်ကတည်းက ကြိုသုံးတတ်ကြသူတွေဖြစ်ပါတယ်။ ငွေကို စုဆောင်းရမယ့်အစား အသိမိတ်ဆွေတွေဆီကနေ ချေးငှားပြီး မလိုအပ်တာတွေ လျှောက်ဝယ် သုံးထားနှင့်တတ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ (၁၀)သိန်းကျော်တန် ဖုန်းကိုင်ပြီး လက်ဖက်ရည်ဖိုးမရှိသူတွေဟာ ဒီလိုလူမျိုးတွေဖြစ်ပါတယ်။

၄။ ဘာဝယ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ခြင်း
ဆင်းရဲသားအရှုံးသမားတွေ အလုပ်လုပ်တဲ့အခါ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ကြတဲ့အခါမှာ ငွေရဖို့ တစ်ခုတည်းကိုပဲ ကြည့်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ငွေတွေရတဲ့အခါမှာ ဘာတွေဝယ်သုံးမယ်ဆိုတာကိုပဲ အာရုံစိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတာကို အာရုံမစိုက်တတ်ကြပါဘူး။ လက်ဘက်ရည်ဖိုးတောင် နပ်မမှန်ပဲ တစ်နေ့မှာ သန်းကြွယ်သူဌေးဖြစ်ရမယ်၊ တစ်နေ့မှာ ပြိုင်ကားစီးနိုင်ရမယ် စသဖြင့် ပြောနေကြသူတွေကို မြင်ဖူးပါသလား။ တကယ်တော့ ပြိုင်ကားစီးနိုင်ဖို့၊ သန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာတွေက ရည်မှန်းချက်မဟုတ်ပါဘူး။ စိတ်ကူးယဉ်အပျော်တွေ ဖြစ်ပါတယ်။ ဒါတွေကို အာရုံစိုက်မနေပဲ သူတို့ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို အာရုံစိုက်မှာသာ ရည်မှန်းချက်တွေ အောင်မြင်မှာ ဖြစ်ပါတယ်။ ဘာကိုပဲလုပ်လုပ် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် သန်းကြွယ်သူဌေးက သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။

၅။ အလုပ်နဲ့ ဘဝဟန်ချက်ညီဖို့ ကြိုးစားရင်း အလုပ်မလုပ်ခြင်း
အလုပ်ချိန်များပြီး အလုပ်နဲ့ဘဝဟန်ချက်မညီလို့ အလုပ်ထွက်ကြသူတွေ အများကြီးရှိပါတယ်။ တကယ်တော့ အခြားသူတစ်ယောက်အတွက် အလုပ်လုပ်တာက ကိုယ်ပိုင်အလုပ်လုပ်တာထက် ဟန်ချက်ညီမျှစေပါတယ်။ ဆင်းရဲသားအရှုံးသမားတွေဟာ အခြားသူတစ်ယောက်အတွက် မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ အလုပ်လုပ်ပေးတဲ့အခါ လုပ်ခလစနဲ့ အလုပ်ချိန်တွေ အတွက် အလုပ်ရှင်ကို ပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ဘယ်လုပ်ငန်းရှင်၊ ဘယ်ကုမ္ပဏီအတွက်မှ အလုပ်လုပ်နေပေးနေရတာ မဟုတ်ပါဘူး။ တစ်နေရာရာမှာ အလုပ်လုပ်လို့ ရလာတဲ့ငွေဟာ သင့်ရဲ့အလုပ်ချိန်၊ လုပ်အားအတွက် ထိုက်တန်တဲ့ လုပ်အားခပဲဖြစ်ပါတယ်။ ဘယ်သူမှ အတင်းလုပ်ခိုင်းတာမဟုတ်ပါဘူး။ ဒါ့ကြောင့် အလုပ်နဲ့ ဘဝဟန်ချက်ညီဖို့ ကြိုးစားမနေပဲ အလုပ်ကြိုးစားဖို့ပဲ အာရုံစိုက်ပါ။

၆။ မအောင်မြင်တာတွေအတွက် အကြောင်းပြချက် ဒါမှမဟုတ် ဆင်ခြေပေးခြင်း
ဆင်းရဲသားအရှုံးသမားတွေဟာ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ၊ လုပ်ငန်းတွေ အဆင်မပြေကျရှုံးရတာအတွက် အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ကြပါတယ်။ မိသားစုကြောင့်၊ ကလေးတွေကြောင့်၊ ကျန်းမာရေးကြောင့် စသဖြင့် အပြစ်လွှဲချစရာ ဆင်ခြေတစ်ခုမဟုတ်တစ်ခု ပေးတတ်ကြပါတယ်။ အောင်မြင်တဲ့ သူတွေမှာတော့ မအောင်မြင်နိုင်သေးတာအတွက် ဆင်ခြေတွေမရှိပါဘူး။ သူတို့က အောင်မြင်သည်အထိ တနည်းမဟုတ် တစ်နည်းနဲ့ ကြိုးစာနေဦးမှာ ဖြစ်တာကြောင့်ပါ။ ဒါ့ကြောင့် ဆင်ခြေဆင်လက်တွေ ပေးမနေပါနဲ့။ အောင်မြင်မှုမရမချင်း ကြိုးစားချင်စိတ်မွေးပါ။

၇။ စိတ်ကူးကောင်းတွေ ရှိပေမယ့် လက်တွေ့မလုပ်ခြင်း
အောင်မြင်သူတွေက သူတို့စွမ်းဆောင် အောင်မြင်နိုင်ခဲ့တဲ့ စိတ်ကူးတွေကို ဝေမျှပေးတတ်ကြပေမယ့် ဆင်းရဲသား အရှုံးသမားတွေကတော့ သူတို့ခေါင်းထဲက အကြံကောင်းတွေကို ဝေမျှတတ်ကြပါတယ်။ သူတို့ရဲ့ စိတ်ကူးအကြံအစည်က အရမ်းကောင်းတဲ့အကြောင်း တစ်ယောက်ယောက်က ပြောဆိုထောက်ခံတာကို လိုချင်တာကြောင့် ဖြစ်ပါတယ်။ သင့်မှာ အကြံကောင်းတစ်ခုရှိပေမယ့် ကိုယ်တိုင်အကောင်အထည်ဖော် လုပ်ဖို့ထက် အတူလုပ်မယ့်သူတစ်ယောက် ဒါမှမဟုတ် ကျွမ်းကျင်သူတစ်ယောက်ကို ကူညီလုပ်ဆောင်ပေးဖို့ စောင့်နေတယ်ဆိုရင် ဆက်ပြီးစိတ်ကူးပါ။ ဆက်ပြီး ဆင်းရဲနေလိုက်ပါ။ အောင်မြင်သူတွေကတော့ လုပ်စရာရှိတာကို အင်တိုက်အားတိုက် ထလုပ်တတ်ကြပြီး ဒီလိုလုပ်ဆောင်ချက်ကပဲ အခြားသူတွေကို ဆွဲဆောင်နိုင်လာတာဖြစ်ပါတယ်။

၈။ အနူတောမှာသာ လူချောလုပ်နေခြင်း
ဆင်းရဲသားအရှုံးသမားတွေဟာ အခြားဆင်းရဲသားအရှုံးသမားတွေနဲ့ပဲ အပေါင်းအသင်းလုပ်တတ်ကြပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ သူတို့မှာ တူညီတဲ့ခံယူချက်ရှိကြတဲ့အတွက် ဖြစ်ပါတယ်။ တူညီတဲ့ သဘောထားခံယူချက်တွေရှိတဲ့အတွက် စိတ်ဖိစီးမှုနည်းပါးပြီး သိပ်အများကြီး တွေးတောဆင်ခြင်စရာ မလိုအပ်တော့ပါဘူး။ နောက်ထပ်အချက်တစ်ခုကတော့ သူတို့နဲ့ တန်းတူ ဒါမှမဟုတ် သူတို့ထက် နိမ့်ပါးသူတွေကြားထဲမှာဆိုရင် လက်ရှိဘဝကပဲ ပိုပြီးကျေနပ်စရာကောင်းနေသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။ သိမ်းငှက်တွေလို ပျံသန်းချင်ရင် ဘဲတွေနဲ့ ရေကူးနေလို့မရပါဘူး။ သိမ်းငှက်တွေနဲ့ ပေါင်းသင်းပြီး ပျံတတ်အောင် သင်ယူရမှာဖြစ်ပါတယ်။

၉။ ထိပ်ဆုံးရောက်ဖို့ အခြားသူတွေက ကူညီသင့်တယ်လို့ ယုံကြည်နေခြင်း
ဆင်းရဲသားအရှုံးသမားတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေက ကောင်းလွန်းတဲ့အတွက် အခြားတတ်နိုင်သူတစ်ယောက်ယောက်ဆီက အကူအညီအထောက်အပံ့ရနိုင်ဖို့ မျှော်လင့်တတ်ကြပါတယ်။ သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကူညီထောက်ပံ့နိုင်မယ့် နည်းလမ်းတွေကို ရှာရမယ့်အစား ပြင်ပအကူအညီမရလို့ သူတို့မအောင်မြင်နိုင်တာလို့ ထင်မှတ်ယုံကြည်ထားကြပါတယ်။ ပြင်ပအကူအညီကို မျှော်လင့်မနေပဲ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး အောင်မြင်မှုကို တည်ဆောက်ပါ။

၁၀။ ဝေဖန်အကြံပြုချက်တောင်းဆိုပြီး ဘယ်တော့မှ နားမထောင်ခြင်း
ဆင်းရဲသား အရှုံးသမားတွေဟာ သူတို့ရဲ့ အလုပ်နဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုဖို့ ပြောဆိုတတ်ကြပေမယ့် တကယ်တမ်းဝေဖန်မှုတွေကိုတော့ သေချာဂရုတစိုက်နားထောင်ပြီး ပြုပြင်လေ့မရှိပါဘူး။ ဒါ့အပြင် သူတို့ကို ဝေဖန်တဲ့အချက်တွေအတွက် ဆင်ခြေပေးစရာ ဖြေရှင်းချက်တစ်ခုနဲ့ ဖာထေးတတ်ကြပါတယ်။

သင့်အနေနဲ့ ဘဝမှာ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ဒီအချက်တွေထဲက တစ်ခုခု ဒါမှမဟုတ် တစ်ခုထက်ပိုတာတွေကို လုပ်နေမိသလားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ လုပ်နေမိတယ်ဆိုရင်တော့ အမြန်ဆုံးရပ်တန့်ပြီး မှန်ကန်အောင်လုပ်ဆောင်ပါ။

_____________________________________
source : gentleman



[Unicode]















_____________________________________
source : gentleman