
လူတွေရဲ့ ဦးနှောက်က ရှုပ်ထွေးပါတယ်။ အရေးကိစ္စပေါင်းများစွာကို လုပ်ဆောင်သလို တေးသီချင်းတွေ ရေးဖွဲ့ဖန်တီးနိုင်စွမ်း၊ ညီမျှချင်းတွေ ဖြေရှင်းချက်တွေ ထုတ်နိုင်စွမ်းတွေ ရှိပါတယ်။ လူတွေရဲ့ ခံစားချက်တွေ၊ အပြုအမူတွေ၊ အတွေ့အကြုံတွေကိုသာမက မှတ်ဉာဏ်တွေနဲ့ ကိုယ့်အကြောင်းကိုယ်သိဖို့ကိုပါ တာဝန်ယူထားပါတယ်။ ဒါ့ကြောင့် လူတွေရဲ့ဦးနှောက်ကိုယ်တိုင်က အရမ်းကိုထူးခြားဆန်းကြယ်တဲ့အရာ ဖြစ်တယ်ဆိုတာကို အံ့သြစရာမရှိပါဘူး။
ဦးနှောက်နဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားဆန်းကြယ်တဲ့အရာကတော့ လူသားတွေဟာ ဦးနှောက်က စွမ်းဆောင်နိုင်စွမ်းရဲ့ (၁၀)ရာခိုင်နှုန်းကိုပဲ အသုံးပြုနိုင်တယ်ဆိုတဲ့ အငြင်းပွားစရာအချက်ပဲဖြစ်ပါတယ်။ ဒီ (၁၀)ရာခိုင်နှုန်းအပြင် ကျန်တဲ့ (၉၀)ရာခိုင်နှုန်းကို အသုံးပြုနိုင်သူတွေဟာ ဒသမနေရာ(၂၀၀၀)လောက်အထိ မှတ်သားနိုင်စွမ်းရှိတဲ့ ပညာရှိတွေ ဒါမှမဟုတ် စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းအားရှိသူတွေ ဖြစ်လာတယ်လို့လည်း ဆိုကြပါသေးတယ်။
ဦးနှောက်နဲ့ အာရုံကြောပညာရှင်တွေကတော့ (၁၀)ရာခိုင်နှုန်းကိစ္စဟာ တကယ့်ကိုရယ်စရာ ကိစ္စတစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဒဏ္ဍာရီဆန်ဆန် ကိစ္စနဲ့ပတ်သက်ပြီး အပြစ်တင်စရာတိတိကျကျမရှိပေမယ့် အမေရိကန်နိုင်ငံသား စာရေးဆရာစိတ်ပညာရှင် William James က The Energies of Men ဆိုတဲ့ စာအုပ်ထဲမှာ လူသားတွေဟာ ရှိနိုင်သမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားတွေထဲက အနည်းငယ်ကိုပဲ သုံးနေကြတယ်လို့ ရေးခဲ့ဖူးပါတယ်။
လူတွေဟာ ဦးနှောက်စွမ်းရည်ရဲ့ (၁၀)ရာခိုင်နှုန်းပဲသုံးတယ်ဆိုတဲ့ အယူအဆဟာ ဦးနှောက်နဲ့ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေပေါ်မှာ အခြေတည်ပါတယ်။ လူတွေက သူတို့နားမလည်နိုင်တဲ့ကိစ္စတွေအတွက် ရည်ညွှန်းစရာတစ်ခုကို ထုတ်ပြတတ်ကြတဲ့ သဘောပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ လွဲမှားနေတဲ့ အယူအဆသက်သက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ပုံမှန်အတိုင်းပဲတွေးခေါ်မယ်၊ နားနေမယ်ဆိုတဲ့ အချိန်တွေမှာတော့ ဦးနောက်ရဲ့ (၁၀)ရာခိုင်နှုန်းလောက်ကိုပဲ သုံးတာကတော့ မှန်ပါတယ်။
များသောအားဖြင့်တော့ ဦးနှောက်တစ်ခုလုံးကို အသုံးပြုနေရပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်ရဲ့ (၃)ရာခိုင်နှုန်းလောက်သာ အလေးချိန်ရှိပေမယ့် ခန္ဓာကိုယ်စွမ်းအင်ရဲ့ (၂၀)ရာခိုင်နှုန်းလောက်ကို သုံးပြီး လှုပ်ရှားနေရပါတယ်။ သာမာန်လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ အလေးချိန်အားဖြင့် သုံးပေါင်လောက်သာရှိပြီး ဦးနှောက်ကြီး (cerebrum) နဲ့ ဦးနှောက်ငယ် (Celebellum) ဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ဦးနှောက်ကြီးပိုင်းက သိမှတ်ဆင်ခြင်မှုနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီး ဦးနှောက်ငယ်ကတော့ လှုပ်ရှားမှုနဲ့ ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ အသက်ရှုခြင်းလို အလိုအလျောက်ဖြစ်စဉ်တွေကို တာဝန်ယူလုပ်ဆောင်ပါတယ်။ ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်တွေကို သန်းနဲ့ချီပြီးတည်ရှိနေတဲ့ နျူရွမ်လေးတွေ အချင်းချင်းဆက်သွယ်ဖို့အတွက် အဓိကအသုံးပြုပါတယ်။ ဒီလို နျူရွမ်လေးတွေ အချင်းချင်းဆက်သွယ်မှုက တဆင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်တာဖြစ်ပါတယ်။ ကျန်တဲ့စွမ်းအင်တွေကိုတော့ နှလုံးခုန်ခြင်းလို အလိုလိုဖြစ်နေတဲ့ လှုပ်ရှားမှုတွေနဲ့ အခြားသတိထားလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။
ဦးနှောက်ကိုလေ့လာမှုတွေမှာ ပုံရိပ်ဖော်နည်းပညာကို အသုံးပြုတဲ့အခါမှာတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းအများစုဟာ (၂၄)နာရီလုံးလုံးလှုပ်ရှားနေပါတယ်။ ဆိုလိုတာကတော့ တစ်နေ့တာလုံးမှာ ဦးနှောက်ကို (၁၀၀)ရာခိုင်နှုန်းအပြည့်အဝအသုံးချနေတယ်ဆိုတာပါပဲ။ မနက်ခင်းမှာ ကော်ဖီသောက်တယ်ဆိုရင်ပဲ ကော်ဖီအိုးရှိရာကို သွားရမယ်၊ ခွက်ထဲကိုလောင်းထဲ့မယ်။ ခရမ်ထဲဖို့ နေရာလွတ်အနည်းငယ်ချန်ထားမယ်။ ဒီကိစ္စတွေကိုလုပ်ဆောင်ရမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေအားလုံး အလုပ်လုပ်ကြရပါတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဦးနှောက်တစ်ခုလုံးမှာ နျူရွန်တွေရဲ့ချိတ်ဆက်ဆက်သွယ်မှုတွေ မုန်တိုင်းထန်သွားပါတယ်။
ဒါပေမယ့် ဦးနောက်ထိခိုက်မှုတစ်ခုခုကြောင့် ပုံမှန်အလုပ်တွေ မလုပ်ဆောင်နိုင်တော့ဘူးလို့ ပြောလို့မရပါဘူး။ ဦးနှောက်ထိခိုက်ထားပေမယ့် ပုံမှန်အတိုင်းရှင်သန်လှုပ်ရှားနိုင်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါ့ဟာဘာကြောင့်လဲဆိုတော့ ပျက်စီးထိခိုက်သွားတဲ ဦးနှောက်အစိတ်အပိုင်းရဲ့ လုပ်ငန်းတာဝန်တွေကို ကျန်အစိတ်အပိုင်းတွေက လွှဲပြောင်းတာဝန်ယူလုပ်ဆောင်ပေးဖို့ ဦးနှောက်မှာ အစီအစဉ်ရှိပြီးသား ဖြစ်တာကြောင့်ပါ။ ဦးနှောက်ရဲ့ အစိတ်အပိုင်းနဲ့ လုပ်ငန်းဆောင်တာတွေကို သိရှိထားတာက အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်သွားစေပါတယ်။ လုပ်ငန်းချင်းတူတဲ့ နျူရွန်တွေဟာ စုဝေးပြီးနေတတ်ကြတယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက သိကြပါတယ်။ ဥပမာပြောရရင် လက်မကို ထိန်းချုပ်တဲ့ နျူရွန်တွေဟာ လက်ညိုးကို ထိန်းချုပ်တဲ့ နျူရွန်တွေနားမှာ စုဖွဲ့ပြီးတည်ရှိနေတတ်ကြပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို ခွဲစိတ်မှုလုပ်ဆောင်တဲ့အခါမှာ ခွဲစိတ်ဆရာဝန်တွေက အမြင်၊ အကြား၊ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ နျူရွှန်အစုအဝေးတွေကို မထိခိုက်အောင် ရှောင်ရှားကြတဲ့အတွက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာအများစုက ပုံမှန်အတိုင်းပဲ လုပ်ဆောင်နိုင်နေမှာ ဖြစ်ပါတယ်။
အခုချိန်ထိနားမလည်နိုင်သေးတာက ဘယ်လိုနျူရွန်အစုအဝေးက သိမှတ်ခြင်းအတွက် တာဝန်ယူထားလဲ ဆိုတာပါပဲ။ ဒါ့ကြောင့် လူသားတွေရဲ့ အသိတရားနဲ့ သိမှတ်ဆင်ခြင်နိုင်စွမ်းဟာ နျူရွန်တွေအားလုံးရဲ့ စုပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ နောက်ထပ် လျို့ဝှက်ဆန်းကြယ်မှုတစ်ခုက ဦးနှောက်ဆဲလ်တွေရဲ့ ဖွဲ့စည်းမှုဖြစ်ပါတယ်။ (၁၀)ရာခိုင်နှုန်းလောက်ကပဲ နျူရွှန်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကျန်တဲ့ (၉၀)ရာခိုင်နှုန်းက နျူရွှန်တွေကိုထောက်ပံ့ကူညီပေးတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို မသိကြသေးပါဘူး။ ဒါ့ကြောင့် လူတွေဟာ ဦးနှောက်ရဲ့ (၁၀)ရာခိုင်နှုန်းကိုပဲ သုံးနိုင်တယ်ဆိုတာထက် (၁၀)ရာခိုင်နှုန်းသော လုပ်ငန်းဆောင်တာတွေကိုပဲ နားလည်နိုင်သေးတယ်လို့ ပြောရင် ပိုပြီးမှန်ကန်မှာဖြစ်ပါတယ်။
_______________________
source : gentleman