နွားထီးကြီးကို ယှဉ်မယ့် အမျိုးသမီးငယ် - Kharann Media

Breaking

နွားထီးကြီးကို ယှဉ်မယ့် အမျိုးသမီးငယ်



ယူးယောက်မြို့တော်က စီးပွားရေးဗဟို အချက်အချာ ဝေါလမ်းမကြီးမှာ အလှဆင်ထားတဲ့ အထင်ကရ နွားထီးရုပ်တုကြီးရဲ့ ရှေ့မှာ ကြေက်ရွံ့မှုကင်းတဲ့ ဟန်အပြည့်နဲ့ ခါးထောက်ရပ်နေတဲ့ အမျိုးသမီးငယ်လေး ရုပ်တု အသစ် တခု မနေ့ကပဲ စတင် ထားလိုက်ပါတယ်။

ဒီရုပ်တုဟာ အမျိုးသမီးတွေရဲ့ စီးပွားရေးရာ စွမ်းဆောင်နိုင်မှုကို ပုံဖော်ထားတာပါ။ စီးပွားလုပ်ငန်းစု ကြီးတွေရဲ့ ကျား-မ လုပ်ခလစာ ကွာခြားမှုနဲ့ ခွဲခြားမှုတွေ အကြောင်း အသိအမှတ်ပြုမှုရအောင် နှိုးဆော် ထားတဲ့ သဘောပါ။ အမျိုးသမီးငယ်က အနာဂတ်ကို ကိုယ်စားပြုပါသတဲ့။



အမေရိကား က အကြီးမားဆုံး ကုန်သွယ်ရေး ကုမ္ပဏီ ၃,၀၀၀ ထဲက ၄ ပုံ ၁ ပုံ ရဲ့ အုပ်ချုပ်မှု ဘုတ်အဖွဲ့မှာ အမျိုးသမီး တယောက် မှ မရှိဘူးလို့လည်း ဒီ ရုပ်တုကို စီစဉ်ကြတဲ့ ငွေကြေးစီမံခန့်ခွဲခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ State Street Global Advisors (SSGA) ကုမ္ပဏီ က ပြောပါတယ်။

အမျိုးသမီး ခေါင်းဆောင်တွေ များများပိုရှိတဲ့ ကုမ္ပဏီတွေဟာ လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းမှာ ပိုသာတယ်လို့လည်း SSGA က သူတို့ရဲ့ အမြင်ကို ထုတ်ဖော်ထားပါတယ်။

၂.၅ ထရီလျံ တန်ဖိုးရှိ ငွေကြေးတွေကို စီမံခန့်ခွဲနေတဲ့ SSGA ဟာ ကုမ္ပဏီပေါင်း ၃,၅၀၀ ဆီကို စာရေးသားပေးပို့ပြီး လုပ်ငန်းခွင်နဲ့ လစာကိစ္စရပ်တွေမှာ ကျား-မ တန်းတူညီမျှရေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ရိုက်တာ သတင်းတရပ်အရ အခု SSGA ကုမ္ပဏီ ကိုယ်နှိုက်မှာလည်း ဘုတ်အဖွဲ့ဝင် ၁၁ ယောက် မှာ ၃ ယောက်သာ အမျိုးသမီးဖြစ်နေပါတယ်။

ဝေါလမ်းမကြီးမှာ မူလရှိနေတဲ့ နွားထီးရုပ်တုကို အီတလီဖွား အနုပညာရှင် အရသူဒီမော်ဒီကာ က ထုဆစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်ထားရှိခဲ့ပါတယ်။

နွားထီးရုပ်တုကြီးက ၁၉၈၇ ခုနှစ် ရှယ်ယာ ဈေးကွက်ပျက်ကပ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တဲ့ အမေရိကန် လူထုရဲ့ သန်စွမ်းကြံ့ခိုင် အားကြီးမားမှုကို သရုပ်ဖော် ထားတာပါ။ အဲဒီနောက်ပိုင်းမှာ ဒီ နွားထီးရုပ်တုဟာ ဝေါလမ်းမရဲ့ ဆွဲဆောင်မှု တခုဖြစ်လာပြီး အဲဒီမှာ ဆက်ထားဖို့ ခွင့်ပြုခဲ့ရပါတယ်။

အခု မိန်းကလေးငယ် ရုပ်တုကတော့ ခရစ္စတင်းဗစ်စဘဲလ် က ထုဆစ်ခဲ့ပြီး ဒီနေရာမှာ ထားရှိခွင့်ကို မြို့ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။

အမျိုးသမီးငယ်ရဲ့ ရုပ်တု ဒီနေရာမှာ ဘယ်လောက်ကြာကြာ ထားရှိမလဲ ဆိုတာတော့ မသိသေးပါဘူး။ SSGA ကုမ္ပဏီ ကတော့ ၁ လ ထားစေချင်တယ်၊ အမြဲတမ်း ထားခွင့်ရရင်လည်း ကောင်းပါတယ် လို့ ပြောပါတယ်။


ဘီဘီစီမြန်မာပိုင်း | BBC Burmese | https://www.facebook.com/bbcburmese/posts/1313504385372110