
အမေရိကန်ပြည်ထောင်စု ပင်ဆေဗင်းနီးယားပြည်နယ်မှ အိန်ဂျယ်လာလန့်စ်ဆိုသူအမျိုးသမီးသည် အလျား ၄ ပေခွဲခန့်ရှိ မိချောင်းတကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည်။ လီလီဂေတာဟု အမည်ပေးထား သည့် ယင်းမိချောင်းသည် ကမ္ဘာပေါ်တွင်ပြုစု ယုယမှုအခံရဆုံး မိချောင်းဖြစ်ဖွယ်ရှိသည်။
အိန်ဂျယ်လာလန့်စ်သည် အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး လီလီဂေတာကို မွေးကင်းစ ၂ ရက်သား အရွယ် ကတည်းက ၀ယ်ယူမွေးမြူ ခဲ့ခြင်းဖြစ်သည်။


“လီလီဂေတာဟာ ကမ္ဘာပေါ်မှာ အလိုလိုက်ခံရဆုံး မိချောင်းလို့ ကျွန်မထင်ပါတယ်။ အလိုလိုက် အမိုက်စော်ကားမယ့် ဟာမလေးပေါ့။ သူ့ကိုအ၀တ်အစားဆင်ပေးရတာ။ ခြေသည်းလက်သည်း တိုက်ချွတ်ပေးရတာ ပျော်စရာ ကောင်းပါတယ်။ သူကလည်း ကြိုက်တဲ့ပုံပဲ” ဟု အိန်ဂျယ်လာက ပြောသည်။
လီလီဂေတာသည် ပို့စ်ကတ်များ၊ ပိုစတာများအတွက် ဓါတ်ပုံမော်ဒယ်လုပ်ပြီး ရရှိသည့်ဝင်ငွေကို မိချောင်းကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းသည်ဟုဆိုသည်။ အိန်ဂျယ်လာ၏ မိဘများကလည်း လီလီဂေတာအားချစ်ခင်ကြပြီး မိသားစုဝင်တဦးသဖွယ် သဘောထားကြသည်ဟု ဆိုသည်။
“တခါတလေ ကျွန်မအဖေက သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာ စားနေတုန်း သူ့မြေးမလေးရဲ့ဓာတ်ပုံ ပို့ပေးပါဦးဆိုပြီး ကျွန်မဆီ မက်ဆေ့ခ်ျပို့တတ်တယ်။ သူ့မိတ်ဆွေတွေကို ကြွားဖို့လေ။ ကျွန်မမှာ ချစ်သူရှိပါတယ်။ ကျွန်မရူးကြောင်ကြောင်နဲ့ အပိုတွေလုပ်တယ်လို့ သူကထင်ချင်ထင်မှာပေါ့။ ဒါပေမဲ့သူက ကျွန်မအပေါ် နားလည်မှု အပြည့်ပေးထားပါတယ်” ဟု သူမကပြောသည်။



အိန်ဂျယ်လာသည် လီလီဂေတာအား ကြိုးဖြင့်ဆွဲ၍ အပြင်သို့ခေါ်ဆောင်သွားသည့်အခါ သူစိမ်းများက ထိတ်လန့်တကြားဖြင့် စူးစိုက်ကြည့်ခြင်းကိုခံရကြောင်း၊ သို့သော် လီလီဂေတာသည် လူများနှင့် ယဉ်ပါးကြောင်း သူမကဆိုသည်။
“လူတွေကို အန္တရာယ်မပြုနိုင်အောင် လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ထားတာပေါ့။ ကျွန်မရဲ့အိမ်နီးချင်းတွေက အေးဆေးပါ။ ကျွန်မအနေနဲ့ ပညာပေးကိစ္စလုပ်နေတယ်ဆိုတာကို သူတို့က လေးစားနားလည်ကြပါတယ်” ဟု သူမကပြောသည်။


ပင်ဆေဗင်းနီးယား ပြည်နယ်တွင် မိချောင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခွင့်ရှိ သည်ဟုဆိုသော်လည်း မိချောင်း၏သဘာဝကို နားလည်ခြင်းမရှိဘဲ တိရစ္ဆာန်ကိုကောင်းစွာ ဂရုမစိုက်နိုင်ဘဲ မွေးမြူခြင်းကို လုံးဝဆန့်ကျင်ကြောင်း အိန်ဂျယ်လာက ပြောသည်။


အော်စကာ | Ref; Daily Mail | crd: news watch