
ဒူဘိုင်းက မကြာခင်ကပဲ မောင်းသူမဲ့ Drone များဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးမယ့် စီမံကိန်းကို ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော် အဆောက်အအုံဟာလည်း ဒူဘိုင်းမှာပဲ တည်ရှိနေ ပါတယ်။ ဒူဘိုင်းဟာ ကမ္ဘာ့ နည်းပညာအမြင့်ဆုံး မြို့တော်များထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အခုလည်း ၃၆၀ ဒီဂရီလည်ပတ်နိုင်တဲ့ မိုးမျှော်ကွန်ဒို အဆောက်အအုံတစ်ခုကို ၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ်လို့ ကြေညာလိုက်ပါတယ်။
Dynamic Tower လို့ ကွန်ဒိုကို အမည်ပေးထားပြီး လည်ပတ်နိုင်တဲ့ အထပ်ပေါင်း ၈၀ ပါရှိမှာ ဖြစ်ပါတယ်။ ကွန်ဒိုတစ်ထပ်ရဲ့ ဈေးနှုန်းကတော့ မသေးဘဲ ဒေါ်လာ သန်း ၃၀ တန်ကြေးရှိပါတယ်။ ကွန်ဒိုတစ်ထပ်ချင်း စီဟာ သီးခြားစီလည်ပတ်နေမှာ ဖြစ်ပြီး ကွန်ဒို ပိုင်ရှင်များက သူတို့ အထပ်ရဲ့ လည်ပတ်တဲ့ အမြန်နှုန်း၊ စတင်လည်ပတ်ခြင်း၊ ရပ်တန့်ခြင်း စတာတွေကို ပါးစပ်ကနေ ပြောလိုက်တာနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒိုမှာ လေရဟတ်များက ရတဲ့ လျှပ်စစ်စွမ်းကို အသုံးပြုထားပါတယ်။ အထပ်တစ်ခုနဲ့ တစ်ခု အကြားမှာ ၂ ပေစီခြားထားပြီး လေရဟတ်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လေရဟတ်များမှရတဲ့ လျှပ်စစ်စွမ်းအင် ဟာ အခြားအဆောက်အဦးများကိုတောင် ပံ့ပိုးပေးနိုင်ပါတယ်။
အစ္စရေး-အီတလီ ဗိသုကာ ပညာရှင် David Fisher က ဒီဇိုင်း ရေးဆွဲပေးထားတာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ဒီဇိုင်းကို စတင် အပ်နှံခဲ့တာ ဖြစ်ပါတယ်။ လည်ပတ်နေတဲ့ ကွန်ဒိုမှာ နေထိုင်သူများဟာ ဒူဘိုင်းမြို့ရဲ့ အလှအပကို နှစ်သက်ရာ ရှုထောင့်ကနေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ၀င်ချိန်၊ နေထွက်ချိန်များကိုလည်း နေ့စဉ် မြင်တွေ့နိုင်ပါတယ်။ ဒူဘိုင်းဟာ ၂၀၂၀ ခုနှစ်မှာ မြို့အတွက် အသုံးပြုနေတဲ့ လျှပ်စစ်စွမ်းအင်များရဲ့ ၇ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် အရင်းအမြစ်များကနေ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။
ref : mashable
source : ditigal time