
ဖုန်းရဲ့ စခရင်တစ်ခုလုံး မှန်အပြည့်နဲ့လာမှာဖြစ်ပြီး ကိုယ်ထည်ကို စတီးလ်နဲ့ဖွဲ့စည်းထားမယ်လို့ ဆိုပါတယ်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
အက်ပဲလ်ရဲ့ထုတ်ကုန်အသစ်ဖြစ်လာမယ့် iPhone 8 မှာ မျက်ဝန်းစကန်နာနဲ့ ကြိုးမဲ့အားသွင်း စနစ်ပါဝင်လာနိုင်ကြောင်း ထွက်ရှိနေတဲ့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒစ်ဂျစ်တိုင်းမ်စ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖုန်းရဲ့စခရင်တစ်ခုလုံး မှန်အပြည့်နဲ့လာမှာဖြစ်ပြီး ကိုယ်ထည်ကိုစတီးလ်နဲ့ ဖွဲ့စည်းထားမယ်လို့ဆိုပါတယ်။ နောက်ပြီးဘေးဘောင်တွေက အကွေးပုံစံနဲ့ဖြစ်တဲ့အပြင် Home button မပါဝင်နိုင်ဘူးလို့ သတင်းများထွက်ရှိထားပါတယ်။ အဲသည်လိုသာဆိုရင်တော့ အန်းဒရိုက်ဖုန်းတွေလို ဒီဇိုင်းမျိုးနဲ့ ခပ်ဆင်ဆင်အနေအထားမှာ ရှိနိုင်ပါတယ်။
မျက်ဝန်းစကန်နာနည်းပညာကို ဆမ်ဆောင်းရဲ့ galaxy note 7 မှာ ပထမဆုံးပါဝင်ခဲ့တဲ့ ဖီးချားဖြစ်ပါတယ်။ ဟွာဝေးရဲ့ မော်ဒယ်မြင့် ဖုန်းတစ်လုံးကလည်း ဆမ်ဆောင်းကိုတုပြီး အဲသည်နည်းပညာကို ထည့်သွင်းခဲ့ ပါတယ်။
မျက်ဝန်းစကန်နာက bio-metric security ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ပုံစံလိုမျိုးအလားတူဖုန်းရဲ့ ပတ်စ်ဝပ်ခ်၊ ပတ်စ်ကုတ်တွေကို မျက်လုံးနဲ့စကန်ဖတ်ပြီး လော့ခ်ဖြည်ပေးတာဖြစ်ပါတယ်။ မျက်ဝန်းစကန်နာ ဖီးချားရဲ့လုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့မျက်လုံးကိုအသုံးချပြီး ဝက်ဘ်ဆိုက်တွေနဲ့ မိုဘိုင်းဘဏ်ငွေချေမှု စနစ်တွေကို ပတ်စ်ဝပ်ခ်မလိုဘဲစကန်ဖတ်ပြီးသုံးနိုင်သလို ပတ်စ်ဝပ်ခ်တွေကိုဖြည်ရင်လည်း မျက်လုံးနဲ့ စကန်ဖတ်ပြီးပွင့်တဲ့ စနစ်ဖြစ်ပါတယ်။
လုံခြုံရေးအရ အွန်လိုင်းငွေချေတဲ့အခါ တကူးတကပတ်စ်ဝပ်ခ်ရိုက်ထည့်စရာမလိုတဲ့အပြင် မိမိရဲ့ မျက်လုံးနဲ့သာစကန်ဖတ် ရတာဖြစ်တာကြောင့် မသမာသူတွေအနေနဲ့ကြားခံကနေ ဘယ်နည်းနဲ့မှ ခိုးယူတိုက်ခိုက်လို့မရပါဘူး။ ဝက်ဘ်ဆိုက်နဲ့ အကောင့်ထဲတွေဝင်ရင်လည်း လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီးအားသွင်းကြိုးနဲ့ သွင်းစရာမလိုတော့တဲ့ ကြိုးမဲ့စနစ် (wireless charger) နဲ့ လာမှာဖြစ်ကြောင်း သိရပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ အက်ပဲလ်ဖုန်းတွေက ကြိုးမဲ့အားသွင်းတဲ့ စနစ်မရတာကြောင့် သုံးစွဲသူတချို့က စိတ်တိုင်းမကျခဲ့ပါဘူး။ အန်းဒရိုက်ဖုန်းတွေမှာတော့ ကြိုးမဲ့အားသွင်းတဲ့ စနစ်ကကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းတွင်းမမ်မိုရီကို 256 GB ပါဝင် လာမယ်လို့သိရပါတယ်။ ဖုန်းမှာရေစိုခံစနစ်လည်း ထည့်သွင်းမှာ ဖြစ်ပါတယ်။
သည်မော်ဒယ်အသစ်ကိုလည်း $1000 USD အထက် သတ်မှတ်မှာဖြစ်ကြောင်းသိရပါတယ်။ စခရင်ဆိုက် ကိုလည်း ၆.၄ လက်မအထိ ကြီးမားတဲ့မျက်နှာပြင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
တရားဝင်မိတ်ဆက်မယ့်နေ့မှာသာ သည်ဖီးချားတွေပါလာရင်တော့ သုံးစွဲသူတွေအရင်ကထက်များနိုင်လာ ပြီး ဈေးကွက်မှာလည်းရောင်းအားရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ဖို့ အလားအလာရှိနိုင်ကြောင်း နည်းပညာ သတင်း ဝက်ဘ်ဆိုက်အချို့မှာ သုံးသပ်ရေးထားကြပါတယ်။
Author : မေဘယ်လ်
source : kumudranews