ကံဆိုးလား ကံကောင်းလား - Kharann Media

Breaking

ကံဆိုးလား ကံကောင်းလား

၁၉၀၀ ပြည့်နှစ်ကျော်ကာလမှာပါ။ အင်္ဂလန်နိုင်ငံက ဆင်းရဲတဲ့ အလုပ်ကြမ်းသမား ကလတ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့မိန်းမနဲ့ ကလေး ၉ ယောက်ကို ခေါ်ပြီး အမေရိကန်နိုင်ငံမှာ သွားရောက် အခြေချနေထိုင်ချင်တယ်။ အမေရိကန်နိုင်ငံမှာ အခွင့်အလမ်းပေါများလို့ ကြီးပွားချမ်းသာမယ် ထင်လို့ပါ။ သူနဲ့ သူ့မိန်းမတို့ဟာ အလုပ်မျိုးစုံလုပ်ပြီး အမေရိကန်နိုင်ငံကို သွားဖို့ သင်္ဘောခ စုကြတယ်။ သုံးနှစ်ကြာမှ ခရီးစရိတ်အတွက် လုံလောက်တဲ့ ပိုက်ဆံရတယ်။

သင်္ဘောလက်မှတ်တွေလည်း ဝယ်ထားလိုက်ပြီ။ ပတ်စ်ပို့စတဲ့ ခရီးသွားစာရွက်စာတမ်းတွေလည်း ပြည့်ပြည့်စုံစုံ လက်ထဲရောက်နေပြီ။ ကလတ်တို့ မိသားစုတစ်စုလုံးလည်း အမေရိကန်နိုင်ငံကို သွားဖို့ စိတ်လှုပ်ရှားပျော်နေကြတယ်။




သင်္ဘောမထွက်ခင် သီတင်းတပါတ်အလိုမှာပါ။ အငယ်ဆုံးသားလေးဟာ ခွေးရူးကိုက်ခံရတယ်။ ဆရာဝန်က ကလေးကို ဆေးထိုးပေးတယ်။ ဒါပေမဲ့ တခြားသူတွေကို ခွေးရူးရောဂါကူးမှာစိုးလို့ ကျန်းမာရေးဌါနက သူတို့အိမ်ကို ချိပ်ပိတ်လိုက်တယ်။ သူတို့ကို ၂ ပါတ်တိတိ အိမ်ပြင်မထွက်နိုင်အောင် အိမ်နားမှာ အစောင့်ချထားတယ်။ ကလတ်နဲ့ သူ့မိန်းမတို့ အရမ်းကို စိတ်ဓါတ်ကျသွားတယ်။ သင်္ဘောထွက်တဲ့ရက်ကျော်သွားမှ အိမ်ပြင်ထွက်လို့ ရတယ်။ လက်မှတ်ဖိုး ဆုံးသွားပြီ။ နောက်ထပ် သင်္ဘောလက်မှတ်ခရဖို့ နှစ်ပေါင်းအတော်ကြာကြာ စုရအုံးမယ်။ ကလတ်က ငါတို့ဘဝဟာ ကံဆိုးလိုက်တာ၊ဘုရားသခင်မတရားဘူး၊ ခွေးရူးကိုလည်း ကျိန်ဆဲပြောနေတယ်။

သူတို့လိုက်ပါစီးနင်းမယ့် သင်္ဘောကြီးဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ ဆောက်သင်ပတန် ဆိပ်ကမ်းက ထွက်ခွာသွားတယ်။ ၅ ရက်မြောက်နေ့ ဧပြီလ ၁၅ ရက်နေ့ မနက်မှာ သင်္ဘောကြီးဟာ မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြုပ်သွား တယ်။ သင်္ဘောပေါ်ပါသူ ဝန်ထမ်းနဲ့ ခရီးသည် ၂၀၀၀ ကျော်ထဲက ၁၅၀၀ ကျော်ဟာ သင်္ဘောနစ်မြုပ်ရာမှာ ပါသွားကြသလို ရေနစ်ပြီး သေဆုံးကုန်ကြတယ်။ အဲဒီသင်္ဘောက ကမ္ဘာပေါ်မှာအကြီးဆုံး ခရီးသည်တင် ပင်လယ်ကူးသင်္ဘောကြီး တိုင်တန်နစ် (Titanic) ပါ။

ဒီအခါမှ ကလတ်ဟာ ကံကောင်းလေခြင်းဆိုပြီး ဘုရားသခင်ကိုသာမက သူ့သားကို ကိုက်တဲ့ ခွေးရူးကို ပါ ကျေးဇူးတွေ တင်နေတယ်။

ဗန်းမော်သိန်းဖေ
၂၇-၀၁-၂၀၁၇