ဘဝဆိုတာ တစ်ခါတလေ မထင်မှတ်ထားတာတွေနဲ့ ပြည့်နှက်နေတတ်တယ် - Kharann Media

Breaking

ဘဝဆိုတာ တစ်ခါတလေ မထင်မှတ်ထားတာတွေနဲ့ ပြည့်နှက်နေတတ်တယ်



တစ်ခါတုန်းက လူတစ်ယောက်ဟာ သင်္ဘောမှောက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့ ပါတယ်။ သူဟာ နေ့တိုင်းပဲ သူကိုကယ်မယ့်သူရောက်လာဖို့ ဆုတောင်းနေခဲ့တယ်။ ဒါပေမယ့်လည်း အချိန်အတော်ကြာတဲ့အထိ သူ့ကို ကူညီမယ့်သူ တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး။

သူဟာ လပေါင်းများစွာကြာတဲ့အထိ ဖြစ်သလိုပဲ ကျွန်းအနားမှာရှိတဲ့ စားစရာလေးတွေကို ရှာဖွေ စားသောက် နေထိုင်နေခဲ့ပါတယ်။ သူရှာဖွေထားတဲ့ လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို သူ့ရဲ့ ယာယီတဲလေးထဲမှာ သိမ်းဆည်းထားလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူအမဲလိုက်ပြီးပြန်အလာ သူ့တဲလေး မီးလောင်နေတာ တွေ့လိုက်ရတယ်။

သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေလည်း အားလုံး မီးထဲပါသွားတာတွေ့လိုက်ရတယ်။ သူ့မှာကျန်ခဲ့တာ ဆိုလို့ ကျောပေါ် ကျောပိုးအိတ်လေးပဲရှိပါတော့တယ်။ ပထမတော့ သူအရမ်း အံ့အားသင့် ပြီး ကြောင်နေခဲ့တယ်။ နည်းနည်းလည်းကြာရော ဒေါသတွေထွက်လာပြီး “ဘုရားသခင်က လူသားတွေ ကို စောင့်ရှောက်နေတာဆို။ ကျွန်တော့်ကိုကျတော့ ဘာလို့ဒီလို ကံတွေဆိုးနေရလဲ ပြောပါအုံး။ ကူကယ်ရာ မဲ့တဲ့ ဘဝကနေ အခုဆိုရင် ကျွန်တော့ပိုင်ဆိုင်သမျှ လေးတွေတောင် မီးထဲပါသွားပြီ။ ကျွန်တော့်ကျမှ ဘာလို့အငြိုးတစ်ကြီးနဲ့ ဒီလိုဖြစ်စေရတာလဲ” ဆိုပြီး အော်ဟစ်နေတော့တယ်။

သူငိုကြွေးနေတုန်းမှာပဲ သူ့ဆီကို သင်္ဘောတစ်စီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကို တွေ့လိုက်ရ တယ်။ ကပ္ပတိန်ကြီးက သူ့ကို ကယ်ဆယ်ခဲ့ပြီး မြို့ဆီကို ပြန်မောင်းနှင်သွားပါတယ်။ သူလည်း သူ့ကံကြမ္မာ ကို ဘယ်လိုမှ မယုံကြည်နိုင်ဖြစ်နေတာကြောင့် ကပ္ပတိန်ကြီးကို “ခင်ဗျား ကျုပ်ကို ဘယ်လို ရှာတွေ့ခဲ့ တာလဲ” လို့ မေးလိုက်ပါတော့တယ်။ ကပ္ပတိန်ကြီးက ကျုပ်တို့က ဒီသမုဒ္ဒရာကို ဖြတ်ပြီး ဟိုဘက်နိုင်ငံကို သွားဖို့ပါ။ ဒါပေမယ့် ဒီဘက်က မီးခိုးတန်းကြီး တက်လာတာမြင်ပြီး ဘာဖြစ်တာပါလိမ့်ဆို ကြည့်ရင်း ခင်ဗျားကို တွေ့တာပါပဲ” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် အဆိုးတွေဖြစ်လာတိုင်း အဆိုးကံကြမ္မာထဲရောက်မယ် ဆိုတာမျိုး တွေးမထားသင့်ပါဘူး။ ဒီလိုအဆိုးတွေကနေလည်း ကိုယ့်အတွက် ကောင်းမွန်တဲ့ ရလာဒ်တွေ ဖြစ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဆိုးတွေကြုံလာတာနဲ့ အပြစ်ထိုင်တင်နေမှာထက် ကြုံလာသမျှ အခြေအနေတွေကို ကိုယ့်ဘက်က အကောင်းဆုံး တုန့်ပြန်ဖို့ပဲ လိုအပ်တာပါ။

ဂန္တဝင် မဂ္ဂဇင်း