အင်းလေးကန်က သံယောဇဉ် တံတား - Kharann Media

Breaking

အင်းလေးကန်က သံယောဇဉ် တံတား



ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်မှာ အရမ်းလှပတဲ့ တံတားလေးတစ်စင်း တည်ရှိပါတယ်။ မန္တလေးက ဦးပိန်တံတားနဲ့ ဆင်တူတဲ့ အတွက် အဲဒီတံတားကို အင်းလေးက ဦးပိန်တံတားလို့လည်း ဒေသခံတွေက တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီ တံတားက မိုင်းသောက်တံတား ဖြစ်ပါတယ်။

ကျွန်တော် အင်းလေးကန်ကို သွားလိုက်တိုင်း အမြဲတမ်းရောက်ဖြစ်၊ သွားလာဖြစ်တဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။ တံတားပေါ်ကနေ အေးအေးလူလူ လမ်းလျှောက်ရတဲ့ အရသာဟာ ဘာနဲ့ မလဲနိုင်ပါဘူး။ တကယ်လို့သာ အလုပ်မရှိဘူး ဆိုရင်ပေါ့။ တံတားပေါ်မှာ ထိုင်ရင်း လမ်းလျှောက်ရင်း တွေးရင်းနဲ့ ပတ်ဝန်းကျင် အလှအပတွေကို ကျွန်တော် ခံစားနေမိမှာပဲလို့ စိတ်ကူး တွေးတောနေမိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလို မဖြစ်ပါဘူး။ သတင်းထောက် အလုပ်ဆိုတာ အချိန်နဲ့ တစ်ပြေးညီ ပြေးလွှားနေရတဲ့အတွက် နေဝင်ချိန်တွေ၊ နေထွက်ချိန်တွေ၊ ငှက်ကလေးတွေ တေးဆိုချိန်တွေရဲ့ အရသာဟာ ဘာလဲဆိုတာ မသိတာ ကြာပါပြီ။ စာကိုတောင် အချိန်နဲ့ တစ်ပြေးညီဖြစ်အောင် ကသောကမျော အချိန်ကို လုနေရတာ ဖြစ်ပါတယ်။


■ တည်နေရာ

အင်းလေး တံတားဟာ ညောင်ရွှေမြို့ အရှေ့တောင်ထောင့် မိုင်းသောက်ကျေးရွာနှင့် မိုင်းသောက်အင်းကျေးရွာကြားမှာ တည်ရှိပါတယ်။ ရေလမ်းဖြင့် ရေမိုင် လေးမိုင်၊ ကားလမ်းဖြင့် ရှစ်မိုင် သွားရပါတယ်။ တောင်ကြီးကနေ လာမယ်ဆိုရင် စက်မှုဇုန် ဖြတ်လမ်းအတိုင်း သွားတဲ့အခါ လမ်းဆုံမီးပွိုင့်ကို ရောက်လိမ့်မယ်။ တည့်တည့်ဆက်သွားရင် ညောင်ရွှေမြို့ကို ရောက်ပြီးတော့ ဘယ်ဘက် ကွေ့သွားတဲ့အခါ အရှေ့ဘက် ပတ်လမ်းကို ရောက်ပါတယ်။ ရွှေညောင်ကနေ လာမယ်ဆိုရင်လည်း ဒီမီးပွိုင့်ကိုပဲ ရောက်အောင် လာရမှာ ဖြစ်ပါတယ်။

အရှေ့ပတ်လမ်းအတိုင်း ဆက်သွားတဲ့အခါ မိုင်းသောက်ကို ရှစ်မိုင်၊ နန်းပန်ကို ရောက်ဖို့ ၁၇ မိုင်လောက် ကားလမ်းအတိုင်း မောင်းရတာ ဖြစ်ပါတယ်။ မိုင်းသောက်နဲ့ နန်းပန်တို့ဟာ လှေဆိပ်တွေဖြစ်ပြီးတော့ အင်းလေးကန် ဖောင်တော်ဦး ဘုရားဆီကို သွားလို့ ရတာဖြစ်ပြီး နန်းပန်ကနေ သွားမယ်ဆိုရင် ပိုပြီး နီးပါတယ်။



ဒီတံတားကို ၂၀၀၀ ပြည့်နှစ်က Inle Princess Resort ပိုင်ရှင် ဦးအုန်းမောင်နဲ့ Planetwheeler Foundation က နိုင်ငံခြားသားများ အတူပူးပေါင်းပြီး ၁၀.၃.၂၀၀၀ ရက်က FRIENDSHIP BRIDGE အမည်နဲ့ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

တံတားကို တည်ဆောက်ရာမှာ ဦးအုန်းမောင် လမ်းညွှန်မှုနဲ့ အလုပ်သမားစာရေး ဦးညွန့်ခင် မိုင်းသောက်အင်း ရွာသူကြီး ဦးရွှေမြအောင်တို့ ခေါင်းဆောင်ပြီး လက်သမားဆရာ ဦးရွှေအိုး၊ ဦးချစ်ငွေနဲ့ မိုင်းသောက်အင်းက လက်သမားများ စုပေါင်းကာ တည်ဆောက်ခဲ့ရကြောင်း၊ အချိန်နှစ်လကြာ တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းသောက်ဒေသခံတွေက ပြောပြပါတယ်။

တံတားကြီးပေါ်မှာ လူနေတဲ့ ဇရပ်ငယ်လေးတွေ တည်ရှိပြီး ဝင်ဝင်ချင်းမှာ စက်လှေဆရာတွေ စုဖွဲ့ထိုင်နေလေ့ရှိကာ လူခေါ်လေ့ ရှိပါတယ်။ တံတားရဲ့ ဘေးမှာတော့ ရေပြင်ကျယ်နဲ့ ဟိုးတစ်ဖက်မှာတော့ တောင်ပြာတန်းကို ကြည့်ရတာ အင်မတန်မှ ပနံရလှ ပါတယ်။


■ ရည်ရွယ်ချက်

ညောင်ရွှေမြို့နယ် မိုင်းသောက်အင်းရှိ ဒေသခံတွေ သွားရေးလာရေး အဆင်ပြေအောင်၊ စီးပွားရေး၊ လူမှုရေး၊ ချောမွေ့အောင်လို့ ဒီတံတားကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောတယ်။ ကျောင်းသားတွေ အများစု သွားလာကြပါတယ်။

 

တံတားကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်မှာ မိုင်းသောက်အင်းရှိ လေးတန်းအောင်ပြီး မိုင်းသောက် အထက်တန်းကျောင်းကို ကျောင်းတက်ဖို့ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းသွားကျောင်းပြန် အဆင်ပြေစေရန် အတွက် ရည်ရွယ်ကာ ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သလို မိုင်းသောက်အင်းရွာရှိ ရွာသူရွာသားများ အတွက်လည်း အဆင်ပြေစွာ သွားလာရ လွယ်ကူစေရန်အတွက် ဖြစ်ကြောင်း သိရပါတယ်။

မှတ်တမ်းတွေအရ ပြောရမယ်ဆိုရင် တောင်ကြီးအစ မိုင်းသောက်ကလို့တောင် တင်စား ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ဟေဒီဘရန်းဟာ ညောင်ရွှေစော်ဘွားကြီး ဧည့်ခံတဲ့နေရာ မနေဘဲ နေရာသစ် ရှာဖွေရာမှာ ယခု မိုင်းသောက်နေရာကို ယာယီတပ်စခန်း ချထားတာ ဖြစ်တယ်။ မိုင်းသောက်မှာက နေရာ အခက်အခဲ၊ ငှက်ဖျားပေါများတဲ့ အတွက် နေရာသစ်ကို ရှာဖွေရာကနေ တောင်ကြီးကို စတင်တွေ့ရှိတာဖြစ်ပြီး သီးခြားနယ်မြေအဖြစ် ထူထောင်ဖို့ ညောင်ရွှေစော်ဘွားကြီးထံက နယ်မြေတောင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်လောက်က မိုင်းသောက်ဒေသရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။


■ သွင်ပြင် လက္ခဏာ

ထူးထူးခြားခြားပါပဲ။ တံတား အရှည်မှာ အရင်က ၁၈၀၀ ပေရှိပြီး အခုအခါ ရေခန်းခြောက်လာ၍ ကုန်းမြေများ ဖြစ်ပေါ်လာမှုကြောင့် မိုင်းသောက်လှေဆိပ်မှ မိုင်သောက်အင်းအထိ အရှည် ပေ ၁၅၀၀ ရှိပြီး တံတားတိုင် ၅၂၈ လုံး၊ နားနေဆောင် ငါးဆောင် ပါရှိပါတယ်။

တံတားအရှည် ပေ ၁၅၀၀၊ တံတားမှာ အသုံးပြုတဲ့ သစ်သားတိုင်လုံး ၅၂၈ တိုင်ရှိ၍ ရစ်ပတ်နှောင်ဖွဲ့တတ်သော ၁၅၀၀ နဲ့ ၅၂၈ ချစ်ခြင်းမေတ္တာ အဓိပ္ပာယ်ကို ဖော်ကျူးလို့များ သံယောဇဉ်တံတားလို့ ခေါ်လေသလား မသိပါ။ မိုင်းသောက်အင်းနဲ့ မိုင်းသောက်ရှိ လူငယ်များ သမီးရည်းစား ချိန်းတွေ့သည့် နေရာအဖြစ် သတ်မှတ်ရာကနေ သံယောဇဉ် တံတားလို့ ခေါ်ဆိုရာကနေ ဒီလိုခေါ်ခဲ့လေသလား မပြောတတ်။



တံတားကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ပြုပြင်ခဲ့ရာမှာလည်း မိုင်းသောက်အင်းရှိ လက်သမားများနဲ့ ရွာသူရွာသားများက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်တွေကို နဂိုမူလ အလှူရှင်များက ပေးလှူခဲ့ပါတယ်။

နောက်တစ်ခု ထူးခြားတာက မိုင်းသောက်ရွာမှာ ဂျပန်နိုင်ငံက လာရောက် လှူဒါန်းထားတဲ့ ပလတ်စတစ် မီးရှို့ ဖျက်ဆီးစက်ကို ထားရှိတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ တစ်နေရာတည်းမှာရှိတဲ့ တစ်ခုတည်းသော စက်ပါ။ စက်ကတော့ အငယ်စား တစ်ပိုင်တစ်နိုင်စက် ဖြစ်ပြီးတော့ သဘာဝတရားကို ချစ်မြတ်နိုးတတ်အောင်၊ ကိုယ့်ဆီမှာရှိတဲ့ သဘာ၀၀န်းကျင်နေရာတွေနဲ့ အဖိုးတန် နေရာတွေကို တန်ဖိုးထား ချစ်မြတ်နိုးတတ်အောင်၊ လူသားတိုင်း သဘာဝတရားကို ခံစားတတ်အောင် ပလတ်စတစ်စက်ကို လှူဒါန်းခြင်း ဖြစ်တယ်လို့ အလှူရှင် ဂျပန်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့အထွက်ရှိ နောင်ဖာကန်မှာလည်း ဦးပိန်တံတားနဲ့တူတဲ့ တံတားကြီးတစ်စင်း ရှိပါသေးတယ်။ အဲဒီတံတားနဲ့ ဒီတံတားက ဘယ်သူ ပိုလှသလဲဆိုရင် သူ့အလှနဲ့သူ ကိုယ်စီ ရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ စာဖတ်သူတို့လည်း ကိုယ်တိုင်တွေ့ကြုံ ခံစားချင်တယ် ဆိုရင်ဖြင့် ရှမ်းပြည်နယ်ကို တစ်ခါတစ်ခေါက်တော့ အလည်အပတ် လာရောက်ပါဦးလို့ ...
_____________________________________________
Writer:စည်သာ (တောင်ကြီး)