ရွှေဖြူ နှင့် ပလက်တီနမ် - Kharann Media

Breaking

ရွှေဖြူ နှင့် ပလက်တီနမ်




ကျမရဲ့အတွေ့အကြုံတွေကိုဝေမျှရင်း ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်းကို ဗဟုသုတရစေချင်လို့ ဒီစာလေးကိုရေးဖြစ်တာပါ။ အရင်ဆုံးတော့ ကျမတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြချင်ပါတယ်။ ပြီးမှ ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတအဖြစ်ဝေမျှပေးပါမယ်။
တစ်ရက်မှာ ကျမတို့ အဖွားအတွက် လက်ကောက်ဝယ်ဖို့ဆိုပြီး ရွှေဆိုင်/ရွှေဖြူဆိုင် လေးငါးခြောက်ဆိုင်လောက်ကို ရောက်ခဲ့တယ်။ ပထမဆုံးဝင်ကြည့်ခဲ့တဲ့ဆိုင်ကိုကျော်ပြီး ဒုတိယဝင်ကြည့်ခဲ့တဲ့ဆိုင်ကနေ စပြောပါမယ်။
ဒုတိယကြည့်ဖြစ်တဲ့ဆိုင်ကတော့ ရွှေနဂါး ပလက်တီနမ်နှင့်ရွှေဆိုင် ဆိုတဲ့ဆိုင်ပါ။ ဒီလက်ကောက်လေးကြည့်ပါရစေဆိုတော့ မှန်ပုံးထဲကနေထုတ်ပြရင်း “ဒါကျွန်မတို့သူဌေး နိုင်ငံခြားကနေတိုက်ရိုက်တင်သွင်းလာတဲ့ ပလက်တီနမ်အထည်တွေပါ။ မြန်မာနိုင်ငံမှာ ပလက်တီနမ်ကို ရွှေလိုနေ့စဉ်ပေါက်ဈေးနဲ့ တွက်ပြီးရောင်းပေးတဲ့ဆိုင်၊ ဒီလိုဆိုင်မျိုး ဒီတစ်ဆိုင်ပဲရှိတယ်။ ပြန်သွင်းရင်လည်း နေ့စဉ်ပေါက်ဈေးနဲ့တွက်တာဆိုတော့ ဈေးတက်ရင် ဝယ်သူဘက်ကမနစ်နာဘူး။ တခြားဆိုင်တွေဆိုရင် ဂရမ်ချိန်နဲ့ရောင်းကြတာ ဈေးကြီးတယ်၊ ပြန်သွင်းရင်လည်း ဈေးနှိမ်တယ်……..” ဆိုတာတွေကို တလက်စက် ပြောနေတာပါ။ ကျမလည်းစိတ်ထဲတော်တော်ထူးဆန်းသွားတယ် ပလက်တီနမ်ပေါက်ဈေးကို ဘယ်ကကြည့်လဲ ဆိုတော့ မသိဘူး သူဌေးကိုယ်တိုင်ကြည့်တာလို့ပြောတယ်။ စကားပြောတဲ့ပုံကလည်း လူတတ်ကြီးလုပ်ပြီး ဝယ်သူကို ဘာမှမသိတဲ့လူလို ဆက်ဆံတယ်။ အဲဒါနဲ့ ကျမနည်းနည်းတော့ ဒေါသထွက်သွားပြီး “ဒါ ပလက်တီနမ် မဟုတ်ဘူး ဒါ ရွှေဖြူ။ ဒီမှာ Au 750 လို့တောင်ရေးထားသေးတယ်။ Au ဆိုတာရွှေကို ဓာတုဗေဒလိုခေါ်တာ၊ အဲဒီ 750 ဆိုတာ ရွှေရဲ့ Hallmark၊ ပလက်တီနမ်က Pt လို့ခေါ်တယ်” လို့ပြောတော့ “ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ဒါပလက်တီနမ်၊ ကျမတိုသူဌေးကိုယ်တိုင် နိုင်ငံခြားက တိုက်ရိုက်တင်သွင်းတာ။” လို့ပြောပြန်တယ်။ စကားပြောပုံကလည်း အဆင်မပြေပါ။ ကဲထားပါတော့လေဆိုပြီး ဒါဆိုရင် ဒီလက်ကောက်လေးဘယ်လောက်ကျမလဲဆိုပြီး ဈေးမေးကြည့်တော့၊ ဈေးကိုမြန်မာရွှေထုံးစံနဲ့တွက်ပါတယ်။ ပစ္စည်းက ၃.၂ ပဲ၊ အလျော့တွက်က ၁.၄ ပဲ ပေါင်း ၄.၆ ပဲ၊ အဲဒါကို သူတို့ပြောတဲ့ ပေါက်ဈေးဆိုတာနဲ့မြှောက်လိုက်တော့ တန်ဖိုးက ၅၉၈,၅၀၀ ကျပ်ကျပါတယ်။ ကျမအထင် ၁၀ ဂရမ်လောက်ပဲရှိတဲ့ လက်ကောက်ပါးလှပ်လှပ်လေးက ၆သိန်းနီးပါးကျတယ်။ ပြီးတော့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ့စားချလိုက်ပြီး ဂရမ်ချိန်နဲ့ဆိုရင် ၁ ဂရမ်ကို ၃၆,၀၅၄ ကျပ်ပဲရှိတယ်ဆိုပြီးပြောပြန်ပါတယ်။ ၁၆.၆ ဆိုတာ ၁ ကျပ်သားမှာရှိတဲ့ ဂရမ်အလေးချိန်ပါ။ ထပ်ပြောရရင် သူပါးစပ်ကပြောတော့ ၃ ပဲ ၂ ရွေးလို့ပြောတယ်၊ တကယ်ဆိုရင် ၁ ပဲမှာ ၈ ရွေးဆိုတော့ ၃ ပဲ ၂ ရွေးက ၃.၂ ပဲ မဖြစ်နိုင်ပါဘူး။ ဈေးနှုန်းကိုလည်း ဘယ်လိုတွက်တယ်မသိဘူး၊ မျက်လုံးတောင်ပြူးသွားတယ်။ ဒီလိုတွက်ပြီး ဘယ်နှစ်ယောက်ကို ဒီလိုရောင်းပြီးပြီဆိုတာတော့ မသိဘူး၊ ကျမဆိုင်မှာကြည့်နေတုန်းတင် အတွဲတစ်တွဲက စုံတွဲလက်စွပ်ဝယ်ဖို့ ကြည့်နေကြသေးတယ်။
အဲဒါနဲ့ နောက်တစ်ဆိုင်ကိုသွားတယ် နာမည်ကြီးတဲ့ ပါဝါရွှေဆိုင်ပါ။ ရွှေဖြူထည်တွေနည်းပြီး လက်ကောက်ကလည်း ရွေးစရာနည်းတယ်။ ဈေးမေးကြည့်ဦးမှဆိုပြီး ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျော်အထိရှိတယ်တဲ့။ ဒီဇိုင်းပေါ်မူတည်ပြီး ဈေးကွာတယ်ဆိုပဲ။ ကျမက ဒီဇိုင်းလှလည်း ဒီရွှေပဲ၊ မလှလည်း ဒီရွှေပဲ၊ ဘာလို့ဈေးကွာရတာလဲဆိုတော့ ကျမကို “ဒီဇိုင်းလှရင်ဈေးကွာတာကြီးပဲ၊ ဝယ်ဖူးရင်သိပါတယ်။” လို့ရန်တွေ့သလိုပြန်ပြောတယ်။
ကဲဒီတစ်ခါနာမည်ကြီး ရွှေဆိုင်ကိုသွားမယ်ဆိုပြီး ရွှေနန်းတော်ဆိုင်ကိုဝင်တယ်။ ဈေးမေးတော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ကျော်ထိရှိတယ်တဲ့။ ဆိုင်းဘုတ်မှာလည်း ပလက်တီနမ်ဆိုပြီးတော့တောင် ရေးထားလိုက်သေးတယ်။ အနီးနားက နောက်နှစ်ဆိုင်ကိုဝင်မေးကြည့်တော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရှိကြတယ်။ သူတို့ဆိုင်တွေလည်း ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းကြတယ်။ ကျမ တော်တော်စိတ်အလိုမကျဖြစ်ရတယ်။ ရွှေဆိုင်တွေက သာမန်စတိုးဆိုင်တွေထက် ဝန်ဆောင်မှုကောင်းသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ဝယ်ရင်ဝယ် မဝယ်ရင်လာမမေးနဲ့ဆိုတဲ့ ပုံစံမျိုးတဲ့ ဝယ်သူကိုဆက်ဆံတာမျိုး မဖြစ်သင့်ပါ။ ပြီးတော့ ရွှေဖြူကို ပလက်တီနမ်လုပ်ပြီးရောင်းနေကြသေးတယ်။ ဒီလိုဆို ဒါဟာ သမာအာဇီ၀ မဖြစ်နိုင်တော့ပါ။
အဲဒါနဲ့ ဆက်မရှာချင်တော့ပဲ ပထမဆုံး ဝင်ကြည့်ခဲ့တဲ့ဆိုင်ကိုပဲပြန်သွားပြီး ဝယ်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က More & More ဆိုတဲ့ ရွှေဖြူတွေချည်းရောင်းတဲ့ဆိုင်ပါ။ အဲဒီဆိုင်ကတော့ ရွှေဖြူကို ရွှေဖြူလို့ပဲခေါ်ပြီး ဈေးနှုန်းကိုလည်း ဂရမ်ချိန်နဲ့ပဲရောင်းပါတယ်။ ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကျပ်နဲ့တွက်တယ်တဲ့။ ပစ္စည်းတွေလည်း တော်တော်များများရှိတယ်၊ ဒီဇိုင်းတွေလည်း ရွေးစရာတွေရှိတော့ အဆင်ပြေတယ်။ ရောင်းတဲ့အမျိုးသမီးတွေကလည်း အခြားရွှေဆိုင်တွေထက်စာရင် ဝန်ဆောင်မှုကောင်းတယ်လို့ ပြောရမယ်။ မှန်မှန်ကန်ကန်နဲ့ ရောင်းတဲ့ဆိုင်လည်းဖြစ် စိတ်တိုင်းကျတဲ့ပစ္စည်းလည်း ရှာတွေ့တာကြောင့် More & More မှာပဲ ဝယ်ဖြစ်ခဲ့တယ်။
ကျမတို့နိုင်ငံမှာ ရွှေဖြူနဲ့ ပလက်တီနမ်ကို ကွဲကွဲပြားပြားမသိကြတဲ့သူများတယ်။ ရန်ကုန်မှာရှိတဲ့ အချို့ရွှေဆိုင်တွေကသာ ရွှေဖြူလို့ခေါ်ပြီး အခြားရွှေဆိုင်တော်တော်များများက ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းနေကြတာတွေ အားလုံးက ရွှေဖြူတွေပါ၊ ပလက်တီနမ်မဟုတ်ပါဘူး။ ရောင်းသူတွေကိုယ်တိုင်က ပလက်တီနမ်လို့ခေါ်ပြီးရောင်းနေမှတော့ လူတွေလိုက်ခေါ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် မသိသေးတဲ့သူတွေကို သိသွားအောင်ပြောပြချင်စိတ်ပေါ်လာလို့ ကျမတွေ့ကြုံခဲ့ရတဲ့ ဒီအဖြစ်အပျက်လေးကိုအရင်ပြုပြီး စာဖတ်သူအားလုံးကို ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတမျှဝေပေးလိုက်ပါတယ်…
ရွှေဖြူ ဆိုသည်မှာ…
ရွှေဖြူဆိုသည်မှာ ရွှေသတ္တုစပ်တစ်မျိုးဖြစ်ပါသည်။ ရွှေအဝါကို အဖြူရောင်ရှိသောအခြားသတ္တုများဖြစ်တဲ့ နီကယ် (nickel)၊ ဇင့် (zinc)၊ ပလက်ဒီယမ် (palladium)၊ နှင့် ပလက်တီနမ် (platinum) သတ္တုတွေကို အချိုးကျရောစပ်ပြီး၊ ရိုဒီယမ် (rhodium) သတ္တုဖြင့် အပေါ်ယံမှာအရောင်တင်လိုက်သောအခါ ရွှေဖြူဖြစ်လာသည်။ ရွှေဖြူကို 24K, 22K, 18K, 14K စသည်ဖြင့် ရွှေ၏အရည်အသွေးကို ကရက် (karat) ဟူသောအတိုင်းအတာဖြင့် ဖော်ပြကြသည်။ 24K ဆိုသည်မှာ ရွှေဝါ ၉၉% နှုန်းပါဝင်ပြီး၊ 22K ဆိုသည်မှာ ရွှေဝါ ၉၁% ပါဝင်ကြောင်းကို ဖော်ညွှန်းသည်။ လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်ရန်ပြုလုပ်ထားသော ရွှေဖြူများသည် 18K (ရွှေဝါ ပါဝင်မှု ၇၅% နှုန်း) နှင့် 14K (ရွှေဝါ ပါဝင်မှု ၆၀%ခန့်) ရှိသော ရွှေဖြူထည်များဖြစ်ကြသည်။ ထို့ကြေင့် ရွှေဖြူထည်များ၏ အတွင်းတစ်နေရာတွင် 18K၊ 14K ဟုရေးသားထားလေ့ရှိသည်။ အချို့ရွှေဖြူထည်များတွင် 750 ဟုရေးသားလေ့ရှိကြပြီး၊ ထို 750 သည်လည်း ရွှေဝါပါဝင်မှု ၇၅% ရှိကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ ဤကဲ့သို့ဖော်ညွန်းခြင်းကို ရွှေ၏ Hallmark ဟုခေါ်သည်။
ပလက်တီနမ် ဆိုသည်မှာ…
ပလက်တီနမ် ဆိုသည်မှာ မီခိုးဖြူရောင်ရှိသော သတ္တုတစ်မျိုးဖြစ်သည်။ ပလက်တီနမ်၏ အရောင်သည် ပိုမိုဖြူဖွေးပြီး အရာင်မှာလည်းကြာရှည်ခံသည့်အတွက် ရွှေဖြူကဲ့သို့ ရိုဒီယမ် (rhodium) သတ္တုဖြင့် အရောင်တင်ရန်မလိုပါ။ လက်ဝတ်ရတနာပြုလုပ်ရာတွင်လည်း ပလက်တီနမ်ကို ရွှေဖြူကဲ့သို့ အခြားသတ္တုများရောစပ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ပလက်တီနမ်သည် ရွှေထက်သိပ်သည်းဆများပြီး ပိုမိုမာကျောသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပလက်တီနမ်သည် ရွှေထက်ပိုလေးခြင်းဖြစ်သည်။ ပလက်တီနမ်သည် ရှားပါးသောသတ္တုတစ်မျိုးလည်းဖြစ်ပြီး၊ ရွှေဖြူထက် ဈေးပိုကြီးသည်။ ထိုသို့သောအကြောင်းများကြောင့် ပလက်တီနမ်ကို လက်ဝတ်ရတနာအဖြစ်လည်း အသုံးနည်းကြသည်။

Pinky (Pwintyeekyaw)

မှက်ချက်
ဒီစာမှာ ရွှေဆိုင်နာမည်တွေကို ထည့်ရေးရတာ စာဖတ်သူတွေကို ဘယ်ဆိုင်တွေဆိုတာကို အတိအကျသိစေချင်လို့ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ် စီပွားရေးတိုက်ခိုက်လိုစိတ် လုံးဝမရှိပဲ အဖြစ်အပျက်တစ်ခုအနေနဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။

http://www.mymemo.cf/2016/06/post438.html credit to :Myanmar Medicine Media