မေး ..
လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန် ဘယ်လိုတွက်ရပါသလဲ။ ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို ငရဲပြည်မှာ ဘယ်လောက်လဲ ဆိုတာဖြေပေးပါဘုရား။
ဖြေ ..
(၁) သိဉ္ဇိုဝ်ငရဲ
ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။
ငရဲသက် နှစ် ၅၀၀။ လူ့သက် နှစ် ကိုးသန်း။
(၂) ကာဠသုတ်ငရဲ
ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့် အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။
ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။
(၃) သင်္ဃာတငရဲ
အရပ်ရှစ်မျက်နှာမှ လာကုန်သောတောင်ကြီးတို့၏ ကြိတ်ချေသတ်ခြင်းခံရသော ငရဲ။
ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။
(၄) ရောရုဝငရဲ
နာကျင်ဆင်းရဲသောအသံဖြင့်အလွန်အကဲအော်ဟစ်ငိုကြွေးခံရသောငရဲ။
ငရဲသက် ၄၀၀၀။ လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။
(၅) မဟာရောရုဝငရဲ
ရောရုဝငရဲထက်လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။
လူ့သက် နှစ်ရာ့သုံးဆယ်ကုဋေ လေးသန်း။
(၆) တာပနငရဲ
အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။
ငရဲသက် ၁၆၀၀၀။ လူ့သက် ကိုးရာနှစ်ဆယ့်တစ်ကုဋေ ခြောက်သန်း။
(၇) မဟာတာပနငရဲ
တာပနငရဲထက်လွန်စွာပူလောင်ခြင်းခံရသောငရဲ။
ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့် အသင်္ချေယျတမ်းမှ ၁၀ နှစ်တမ်းထိ။
(၈) အဝီစီငရဲ
ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး၊ ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။
ငရဲသက် အန္တရကပ်တစ်ကပ်။
အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှ အသင်္ချေယျတမ်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တမ်းထိ “တက်ကပ် ဆုတ်ကပ်တစ်စုံ” ကို ခေါ်ဆိုခြင်း ဖြစ်သည်။ အဝီစိငရဲမီးကို လူတစ်ယောက် သည် မိုင် (၈၀၀) မှ ကြည့်ရှုပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။
__________________________________________
အရှင်ကောမလ | (ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။ မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။)
Mar 7.2016 | http://www.mymemo.cf/2016/03/post328.html