
မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက်ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်း သုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှား စာချုပ်ကို (Lease) လို့ ခေါ်ပါတယ်။ အပိုင် သဘောမျိုးချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။
ဂရန်လျှောက်ထားခြင်း
အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက် ထားကြရပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေ စာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ်မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေး ပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာန က မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင် စိစစ် ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင်မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ/မရှိ နဲ့ အစိုးရ အဆောက်အအုံနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေး ခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချ ထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဌာန က မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။
ဒါပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကို ချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင် နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်းလုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့် အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့် အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့ နှင့် ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသားဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်း နဲ့ မြေရာဇဝင် ပြန်ကြားခြင်း သာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတာဖြစ်ပါတယ်။
ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ
အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော် အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာ အပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန် ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်း ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန် ရှိပါတယ်။
အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား
လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှု တွဲတွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေ ပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။
မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေ ကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန် အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။
မြေစာရင်းဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့် တဲ့ မြေများ/ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တစ်နေ့က အထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက် နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဖူးကြမှာပါ။ G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်း တစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဌာနက လူငယ် သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။
မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ
ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရ စီမံချထားပိုင်ခွင့်ရှိသောမြေ (Land at the Disposal of Government)
အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ (Land at the Disposal of Government) ဆိုတာကတော့ မြို့မြေ မှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့ မှာ ဖေါ်ပြထားချက် အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာ ဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။ အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်သော်လည်းကောင်း၊ စိုက်ပျိုးရေး အတွက် သော်လည်းကောင်း အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါ ရပါဘူး။
ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။
ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the Disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထား လိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။ မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ် အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ် တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန်အရေးပါ တယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေး ပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်း ကိုမြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက် အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိ ထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဖို့ သတိချပ်စေလိုပါတယ်။
( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့် (Right of Land)
မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါ အတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။
ပုဒ်မ ၇ ။ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
( ခ ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act) အရ ပိုင်ဆိုင်သောအခွင့်အရေး၊
( ဂ ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ
တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊
ပုဒ်မ ၈ ။ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေး ထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊
စက်တင်ဘာလ ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
( ခ ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့်
ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင်
မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
( ဂ ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင်
တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်
သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands
ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ပုဒ်မ ၉ ။ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်
(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့်
၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
( ခ ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့်
၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
( ဂ ) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့်
၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေးရရှိစေရမည်။ ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။
__________________________________________
ဇော်မင်း (နတ်မောက်) | m y m e m o