ကျောက်ဖရုံ စနစ်တကျ စိုက်ပျိုးနည်း - Kharann Media

Breaking

ကျောက်ဖရုံ စနစ်တကျ စိုက်ပျိုးနည်း


ကျောက်ဖရုံသီးအတွင်းသားကို အဓိကဟင်းချိုချက်စားကြသည်။ အထားခံသဖြင့် တစ်နှစ်ပတ်လုံး စားသောက်ကြသည်။ သကြားဖြင့်ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။

အမျိုးအစား
ဒေသမျိုးတွင် အလုံးလတ် (၁-၂)ပေနှင့် အလုံးကြီး(၂)ပေအထက် အရှည်မျိုးဟူ၍ ရှိသည်။ အလုံးလတ်မျိုးများကို စီးပွားဖြစ်မြေလွှတ်စိုက်ကြသည်။ အလုံးကြီးမျိုးများကို အချို့ဒေသများတွင် စင်တင်စိုက်ကြပြီး ဧရာဝတီတိုင်းမှ ပန်းတနော်၊ ဟင်္သာတအလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံးသည် အပြင်ခွံတွင် ဖယောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။

စိုက်ချိန်
မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ်မြေလွှတ်၍စိုက်ပျိုးကြသည်။

စိုက်ပျိုးခြင်း
စင်တင်စနစ်၊ မြေလွှတ်စနစ် ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။ သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကိုဆွပြီးသမအောင် မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။ မြေလွှတ်စနစ်တွင် (၂)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့် တစ်ပင် (၂)ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင် (၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။

မြေသြဇာထည့်သွင်းခြင်း
ကျောက်ဖရုံ (၁)ဧကလျှင် သဘာဝမြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ်၊ တီစူပါ(၂ - ၄)အိတ်၊ ပိုတက်ရှ်မြေသြဇာ (၁-၂) အိတ်ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီး ရက်(၁၀၀)ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီး အရွက် (၇)ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။

အပင်ပြုစုခြင်း
တိုက်ရိုက်အစေ့ချစိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောင့်ဖောက်ပြီးမှချ၍ အပင်ငယ်စဉ်တွင် ရေကိုမပြတ်လောင်း ပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံနိုင်သော်လည်း၊ ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။

ခူးယူခြင်း၊ အစေ့ထုတ်ခြင်း
အစေ့ချပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ်ယူလိုပါက ပန်ုးပွင့်ပြီး(၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီး သည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင်နှစ်ပတ်လည် ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်းဖြင့် အပင်ပေါက် ရာခိုင်နှုန်းပိုမိုကောင်းမွန်သည်။

credit: ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းလမ်းညွှန်