ရွှေဖရုံ စနစ်တကျ စိုက်ပျိုးနည်း - Kharann Media

Breaking

ရွှေဖရုံ စနစ်တကျ စိုက်ပျိုးနည်း


မြန်မာအမည် - ရွှေဖရုံ
အင်္ဂလိပ်အမည် - PUMPKIN
ရုက္ခဗေဒအမည် - Cucubita mxima
မျိုးရင်းအမည် - CUCURBITACEAE

၁။ မူရင်းဒေသ
ရွှေဖရုံကို တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့၏အကြား အပူပိုင်းဒေသတွင် စတင်ပေါက်ရောက်ခဲ့ကြသည်ဟု ယူဆကြသည်။

၂။ အမျိုးအစား
မြန်မာပြည်တွင် ရွှေဖရုံသီးမျိုးပေါင်း မြောက်မြားစွာရှိ၍ အသီး၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားလည်း အမျိုးမျိုးရှိသည်။ အချို့အသီးသည် ဘောင်စောက်ဖြစ်၍ အချို့နှစ်ပေခန့်အထိ ရှည်သည်။ အချို့ဝိုင်း၍ ပြားပြီးလျှင် အမြှောင်းအမြှောင်းထသည်။ ဤမျိုးတွင် စေးသော မျိုးနှင့် မစေးသော မျိုးဟူ၍ (၂) မျိုးရှိသည် စေး သောမျိုးသည် ရွှေဝါရောင်အသားရှိ၍ မာသည်။ မစေးသော မျိုးသည် အသားပွ၍ အဝါရောင်ဖျော့သည်။ အရှည်မျိုးမှလွဲ၍ ကျန်မျိုးတို့သည် အလုံးငယ်ကြသည်။

၃။ စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတွင် အကြီးအကျယ် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်လည်း အနည်းအကျဉ်း စိုက်ပျိုးကြပါသည်။

၄။ ရေ မြေ ရာသီဥတု
ရွှေဖရုံသည် မြေဆီသြဇာ ထက်သန်သော မြေကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ရွှေဖရုံကို နုန်းဆန်သော မြေ၊ မြေနီသဲဝန်း၊ နုန်းစနယ်မြေများတွင် စိုက်ပျိုးရန် သင့်လျော်ပါသည်။ ရွှေဖရုံမျိုးများသည် မြေ အချဉ်အငံဓာတ် (၆.ဝ) (၆.၅) အတွင်းတွင် ပိုမို ဖြစ်ထွန်းပါသည်။
ရွှေဖရုံသည် ပူနွေးသော ရာသီဥတုတွင် ပိုမိုဖြစ်ထွန်းပါသည်။ သို့သော်လည်း အတော်အတန်အေးသော ရာသီဥတုတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ ရွှေဖရုံသည် အသက်ရက် (၁၀၀) မှ (၁၂၀) အထိ ရှိသဖြင့် သက်တမ်း (၄) လအတွင်း ဆီးနှင်းကင်းသော အရပ်ဒေသတွင် စိုက်ပျိုးရန် လိုအပ်ပါသည်။



၅။ မြေပြုပြင်ခြင်း
ရွှေဖရုံစိုက်ပျိုးရန်အတွက် ပထမထယ်တစ်စပ် ထိုးပြီးနောက် ထွန်ဖြင့် (၆)စပ်မှ (၈) စပ်အထိ ထွန်ရေး ကောင်းရသည်အထိ ထွန်ပေးရန် လိုအပ်ပါသည်။ ထွန်ရေးကောင်းရပြီးနောက် ကြမ်းတုံးဖြင့် မြေညှိပြီး ထားရပေမည်။

၆။ မြေသြဇာကျွေးနည်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် တန် (၂၀) တန်မှ (၃၀) ထိ ထည့်ပေးရန် လိုအပ်ပြီး ယူရီးယား ဓာတ်မြေသြဇာ တစ်ဧကလျှင် (၂၂၄)ပေါင်၊ ဖော့စဖိတ် (၁၁၂) ပေါင်လိုအပ်ပါသည်။ ယူရီးယား ဓာတ်မြေသြဇာ (၁၁၂) ပေါင်နှင့် တီစူပါ (၁၁၂) ပေါင် ကို ထယ်ရေးပြုလုပ်ချိန်တွင် ထည့်ပေးပြီး ထွန်ဖြင့် သမစေရန် မွှေပေးရပါသည်။ ကျန်ယူရီးယားဓာတ်မြေသြဇာ (၁၁၂ )ပေါင်ကို ရွှေဖရုံပင်များ ပန်းစပွင့်ချိန်တွင် ရွှေဖရုံခင်းအတွင်း ကြဲပက်ပေးရမည်ဖြစ်ပါသည်။

၇။ မျိုးပွားနည်း
ရင့်မှည်သော အသီးမှ မျိုးစေ့ခံယူပြီး မျိုးပွားရပါသည်။

၈။ စိုက်ပျိုးနည်း
ရွှေဖရုံကို မိုးဦး၌ မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး ဆောင်းရာသီ၌ အောက်တိုဘာနှင့် နိုဝင်ဘာ လတွင် စိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ ထယ်ရေးကောင်းစွာရပြီး ကြမ်းရိုက်မြေညှိထားသောအကွက်တွင် (၃) ပေခြား၍ တစ်တန်းနှင့်တစ်တန်း (၂၀) ပေခွာ၍ တစ်ကျင်းတွင် (၃-၄) စေ့ချစိုက်ပါသည်။

၉။ တစ်ဧကမျိုးစေ့နှုန်း
တစ်ဧက မျိုးစေနှုန်းမှာ (၂) ကီလိုဂရမ် မှ (၃) ကီလိုဂရမ် ဖြစ်ပါသည်။

၁၀။ ရေသွင်းနည်း
ဆောင်းစိုက်များတွင် ရေတစ်ကြိမ် နှစ်ကြိမ် သွင်းပေးရန် လိုအပ်ပါသည်။



၁၁။ အပင်ပြုစုနည်း
ရွှေဖရုံပင်များ တစ်လသားခန့်ရှိသောအခါ အပင်တန်းကြားကို ကြားထွန်းဝင်ပေးပြီး အပင်ခြေရင်းရှိ ပေါင်းများကို လက်ပေါင်းတင်ပေးပါ။ ပေါင်းအခြေအနေအရ (၁၅) ရက်ခြား၊ သို့မဟုတ် (၂၀) ရက်ခြား ပေါင်းလိုက်ပေးရန် လိုပါသည်။ မိုးများလျှင် အခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်ပေးရပါမည်။

၁၂။ အသီးဆွတ်ခူးနည်း
ရွှေဖရုံသိးကို စိုက်ပြီး အပင်သက် (၁၀၀- ၁၂၀) ရက်ကြာလျှင် ဖရုံသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်သည်။ ရွှေဖရုံသီးများကို ကောင်းစွာရင့်မှည့်မှ ဆွတ်ခူးရန်လိုပါသည်။ ဖရုံသီးကို အညှာဖြင့်ထားပါက ပိုမိုကြာရှည်စွာထားနိုင်ပေသည်။ ရွှေဖရုံသီး တစ်ဧကလျှင် (၂၀၀၀) ကီလိုဂရမ်အထိ ထွက်နိုင်ပါသည်။ တစ်ဧက ရွှေဖရုံသီးအလုံး (၁၅၀၀ - ၂၀၀၀) အထိ သီးနိုင်ပါသည်။

၁၃။ မျိုးစေ့ထုတ်လုပ်နည်း
ရင့်မှည့်၍ ရောဂါကင်းသော ရွှေဖရုံသီးကို ထက်ခြမ်းဓားဖြင့်ခွဲပြီး အတွင်းမှ အစေ့များကို ထုတ်ယူပါ။ ထို့နောက် အစေ့များကို ရေဆေးပြီး နေလှန်းရပေမည်။ သန့်ရှင်းခြောက်သွေ့သော အစေ့များကို လေလုံသော ဘူး (သို့မဟုတ်) ပုလင်းတွင် ထည့်သွင်းသိုလှောင်နိုင်ပါသည်။

၁၄။ သတိပြုရန်အချက်များ
(၁) ရွှေဖရုံပင်စိုက်ရာတွင် ကျိုင်းကောင်ကို အထူးဂရုစိုက်နှိမ်နင်းရန် လိုပေသည်။
(၂) ရွှေဖရုံခင်းအသီးတင်နည်းပါက အမပွင့်များအား အဖိုပွင့်မှ ဝတ်မှုန်ကူးပေးရန် လိုအပ်ပါသည်။

_________
မူရင်းရေးသားသူ
copy from oasis