သစ်ခွကိုစီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင်.. - Kharann Media

Breaking

သစ်ခွကိုစီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင်..

သစ်ခွကိုစီးပွားဖြစ်စိုက်ပျိုးနည်း

သစ်ခွကို အိုးစနစ် ၊ ခြင်းစနစ် ၊ တိုင်ထောင်စနစ် ၊ ချိတ်ဆွဲစနစ် ၊ အပင်ကြီးတွင် တွယ်ကပ်စနစ် ၊ စင်တန်းစနစ် စသည့် စနစ်အမျိုးမျိုး ဆောင်ရွက်နိုင်ပါတယ် …

ဤစနစ်အမျိုးမျိုးများအနက် လက်ရှိအောင်မြင်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သောစနစ် မှာ စင်တန်းစနစ်ဖြစ်ပါတယ် … ဒါ့ကြောင့် သစ်ခွစိုက်ရန် သစ်ခွရုံ ၊ သစ်ခွစင် ဦးစွာဆောက်လုပ်ရပါမယ် …

သစ်ခွဟာ မူလတောဂနိုင် စိမ့်စမ်းမြိုင်ထဲက ပတ်ဝန်းကျင် သဘာဝအခြေအနေအတိုင်း ထူထောင်ဖန်တီးပေးနိုင်မှသာ ဖွံ့ဖြိုးကြီးထွားနိုင်မှာပါ … သို့မဟုတ်လျှင် ဖြစ်ထွန်းမှုနှေးကွေးပြီး ကြန့်ကြာနိုင်ပါတယ် …

သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် သူ့သဘာဝစိုထိုင်းဆနှင့် ပတ်ဝန်းကျင်ရရှိအောင် အပေါ်မှ ( Hori Net ) ဖြင့် မိုးပေးရပါတယ် …

သစ်ခွရုံဟာ အလင်းရောင်ကို လုံလောက်စွာရရှိဖို့လိုပါတယ် … လေဝင်လေထွက်လဲ ကောင်းမွန်ရပါမယ် …

ဒါ့ကြောင့် အမိုးကို မမြင့်လွန်း မနိမ့်လွန်း မိုးပေးရပါတယ် … သစ်ခွစင်တန်းများ ပတ်ဝန်းကျင်တွင် စိုထိုင်းဆ ( ၂၀ ) မှ ( ၂၅ ) ရာခိုင်နှုန်းရှိအောင် ပြုပြင်ဖန်တီးပေးရန်လိုအပ်ပါတယ် …..

သစ်ခွစင်တန်း တည်ဆောက်ရာတွင် ထိပ်အကျယ် လေးပေ ၊ အရှည် ပေ ( ၁၀၀ ) ၊ အမြင့် သုံးပေ ၊ ခြောက်ပေ နှစ်ထပ်စင်ဆောက်ရပါတယ် …

စင်ပေါ်တွင် သစ်သားတန်း တစ်တန်းနှင့်တစ်တန်း ( ၁၀ ) လက်မခြား ကန့်လန့်ရိုက်ရပါတယ် …

စင်တစ်စင်နှင့်တစ်စင်ကြား လူသွားလမ်း သုံးပေခွဲချန်ထားပေးပါ … အပင်ကိုပြုစု စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါတယ် …

စင်အောက်တွင် စိုထိုင်းဆကောင်းပြီး စိမ့်အေးနေစေရန် အနက်လေးလက်မတူးပြီး ၎င်းထဲသို့ အုန်းဆံမှုန့် ၊ စက်ဖွဲပြာ ၊ သဲစသည်များ ဖြန့်ခင်းပေးထားရပါမယ် …

စင်တွင်အသုံးပြုသော သစ်သားများတွင် မှိုရောဂါများ ကပ်ပါလာနိုင်သဖြင့် စင်ဆောက်ပြီးပါက မှိုသတ်ဆေးဖျန်းပေးရန် လိုအပ်ပါတယ်ခင်ဗျာ …

သစ်ခွမျိုးပွားရန်နှင့်စိုက်ပျိုးရန်အတွက် အသုံးပြုမည့် အုန်းဆံခွံများကို မှိုသတ်ဆေးနှင့် ( B1 ) အားဆေး ဖျော်စပ်ထားသော ဆေးရည်တွင် တစ်ပတ်ခန့် စိမ်ပေးပါ …

ထိုကဲ့သို့စိမ်လိုက်ပါက အုန်းဆံခွံဟာ ရောဂါလည်းကင်းပြီး အုန်းဆံခွံများလည်း ပွလာပါလိမ့်မယ် …

အုန်းဆံခွံများကို အမြစ်တွယ်ကပ်အား ကောင်းစေရန် အမြစ်ကုပ်မြန်စေရန် ပွနေအောင် ထုပြီးမှ အသုံးပြုရန် လိုအပ်ပါတယ် …

သစ်ခွစင်နှင့် သစ်ခွရုံဆောက်ပြီးပါက သစ်ခွပင်များ မစိုက်ပျိုးမီ သစ်ခွစင်များနှင့် အောက်ကြမ်းခင်းတွေပါ အားလုံးစိုရွှဲပြီး ရေဝနေစေရန် ဖျန်းပြီးမှ စိုက်ပျိုးရန်လိုအပ်ပါတယ် …

သစ်ခွပျိုးပင်အမြစ်ဇုန်ကို

စိုက်ပျိုးတဲ့အခါ စင်ဘေးရှိ တန်းနှင့်မြဲနေအောင် ချည်နှောင်ပြီး တွယ်ကပ်စိုက်ပျိုးမိရန် သတိပြုပါ …

သို့မဟုတ်လျှင် တော်တော်နှင့် အမြစ်မစွဲဘဲ အပင်သေသွားနိုင်သည်။ စင်တန်းပေါ်တွင် တစ်ပင်နှင့်တစ်ပင်ရှစ်လက်မခြား စိုက်ပျိုးပေးရပါတယ် …

ဒါပေမယ့် အပင်အကွာအဝေး အမျိုးအစားအလိုက် ကွာခြားမှုတော့ ရှိနိုင်ပါတယ်ခင်ဗျာ …

သစ်ခွတစ်ပင်ဟာ ( ၁၀ ) ပင်မှ ( ၁၂ ) ပင်အထိ ပွားနိုင်ပြီး ၊ တစ်နှစ် သုံးလေးကြိမ် ရိတ်သိမ်းဖြတ်ယူနိုင်ပါတယ် …

သစ်ခွစိုက်ပြီးလျှင် အပင်များကြီးထွားဖွံ့ဖြိုးရန် ရေပေးသည့် စနစ်နှင့် မြေသြဇာကျွေးသည့် စနစ်ဟာ အရေးကြီးပါတယ် …

ရေသည် ( PH ၆ မှ ၇ ဒသမ ၅ ) ရှိလျှင် ပိုကောင်းပြီး ၊ ဆားဓာတ် ၊ သံဓာတ် ၊ ထုံးဓာတ်များသောရေကိုမသုံးသင့်ပါ …

သစ်ခွပင်များကို နံနက်တစ်ကြိမ် ၊ ညနေခင်းတစ်ကြိမ် ရေပေးရန်လိုအပ်ပါတယ်ခင်ဗျာ …

မိုးရာသီတွင် ရေပေးချိန်လျော့နိုင်ပါတယ် … ရေပိုက်နှင့်တိုက်ရိုက် ရေပေးလျှင် အမြစ်ဇုန်ကို ရေအားနှင့် မလောင်းမိစေရန် သတိပြုပေးပါ …

အပေါ်မှ ရေပန်းခေါင်းဖြင့် ရေမှုန်မွှားအသွင် ဖျန်ပေးနိုင်လျှင် ပို၍ကောင်းပါတယ် …

အပင်ကြီးထွားမှု ကောင်းစေရန် အစာအာဟာရနှင့် ရေပေးမှန်လျှင် မှန်သလောက် အပင်ကြီးထွားလာပါတယ်ခင်ဗျာ …..

အောင်ဆန်း ( စိုက်ပျိုးရေး )