ရှိခိုးကန်တော့မှုနှင့် ထိုက်တန်အောင် နေတတ်မှ အပြစ်လွတ်မည် - Kharann Media

Breaking

ရှိခိုးကန်တော့မှုနှင့် ထိုက်တန်အောင် နေတတ်မှ အပြစ်လွတ်မည်


ကိုယ့်ကို လာကန်တော့ရင် အရဟံပွားနေလိုက်ပါ
ဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ ရှိပါတယ်။
“ကိုယ့်ကို ဒကာ၊ ဒကာမတွေက လာဦးချရင် အရဟံဂုဏ်တော် ပွားနေလိုက်ရတယ်။ တကယ်လို့ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာ အားနည်းနေရင် ဖြေသာတယ်။ ကန်တော့တဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်။ ကန်တော့ခံတဲ့သူ အတွက်လည်း အကျိုးရှိတယ်။”

ငယ်ငယ်တုန်းက ကြားခဲ့တဲ့ သြဝါဒလေးက ဒီနေ့အထိ ရင်ထဲမှာ စွဲနေခဲ့ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က လူဆိုရင်လည်းပဲ ကိုယ့်ထက်ငယ်တဲ့သူက ကိုယ့်ကို လာကန်တော့ခဲ့ရင် မိန့်မိန့်ကြီး ထိုင်နေရမှာ မဟုတ်ပါဘူး။ အရဟံ ဂုဏ်တော်လေးကို ပွားနေလိုက်ရမှာပါ။ ဒါဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိ၊ ကန်တော့တဲ့သူအတွက်လည်း အကျိုးရှိပါပဲ။ တတ်နိုင်ရင် လက်အုပ်ကလေး ချီထားရင် ပိုတောင် ကောင်းပါသေးတယ်။ ကန်တော့တဲ့သူကို ချီတာမဟုတ်ပါဘူး။ ဂုဏ်တော်ပွားနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီလိုက်တာပါ။

ဒါကဘာကို အကိုးသာဓက ယူထားသလဲဆိုတော့ ဂုဏ်တော်ပွားရင် ခန္ဓာ စေတီထိုက်တယ်။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စေတီအိမ်လို ဖြစ်ပြီး လူနတ် ဗြဟ္မာတွေ အပူဇော်ခံ ထိုက်ပါတယ်တဲ့။ ဒါကြောင့် အရဟံ ဂုဏ်တော်ပွားနေလိုက်ရင် ကိုယ့်ခန္ဓာကိုယ်ဟာ စေတီထိုက်နေတဲ့အတွက် ဦးချ ကန်တော့ခံထိုက်ပါတယ်။

အခြားတစ်ဖက် အကျိုးအနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ အရဟံဂုဏ်တော်ပွားနေရင် ကိုယ့်ရင်ထဲမှာ အရဟံ စေတီ တည်လိုက်တာပါ။ အောက်ခြေ ပလ္လင်ကို သီလနဲ့တည်ပါမယ်။ အလယ်ပစ္စယံ၊ အထက်ပစ္စယံ ကို ဂုဏ်တော် ဘာဝနာနဲ့ တည်ပါမယ်။ ထီးတော်ကိုတော့ ဝိပဿနာနဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီ တစ်ဆူ ရှိနေတော့တာပါ။
Mar 31.2016 | http://www.mymemo.cf/2016/03/post391.html
ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။ အပြင်မှာလည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများ ကြီးပေးရပါတယ်။ ရင်ထဲက အရဟံ စေတီကတော့ ဘုရားကို ကြည်ညိုစိတ်ရယ်၊ အချိန်တစ်ခု ရယ်ပါပဲ။ အလုပ်လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင် သီးခြား မကုန်ပါဘူး။ အပြင်မှာ စေတီ မတည်နိုင်လို့ ဘာမှ အားငယ်စရာ မလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီ တည်ပြီး ကုသိုလ်ယူလို့ ရပါတယ်။

စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာ ဘုန်းကြီးပင့် ဆွမ်းကပ်၊ လူ ဧည့်သည်တွေကို ဧည့်ခံလို့ ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လို တည်သလဲလို့ မေးလာရင် တည်ပုံ တည်နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါန ကုသိုလ် တောင် ထပ်ရပါသေးတယ်။

ဘာပဲပြောပြော ရင်ထဲမှာ အရဟံ စေတီ တည်ထားရင် စိတ် အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ အရဟံစေတီ နေ့တိုင်း တည်နေဖို့ပါပဲ။
__________________________________________
Mar 31.2016 | http://www.mymemo.cf/2016/03/post391.html  ရဝေနွယ် (အင်းမ)